နေပြည်တော် ၊ ဧပြီ ၂၀
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြေညာထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို အခြေခံပြီး ဖြစ်နိုင်ခြေရှိမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီတို့ကို အခုရက်ပိုင်းအတွင်း သီးခြားစီ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံမှုအပြီး မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ အာဆီယံ ဥက္ကဌက ပြောဆိုခဲ့မှုအပေါ် ဘယ်လိုအခြေအနေမျိုးမှာ တွေ့ဆုံဆွေး နွေးနိုင်မလဲဆိုတာ ကြေညာထားပြီးဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
“နောက်ဆုံးအချက်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ ဒီဟာတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖြစ်စဉ်ကို ဖြတ်သန်းပြီးတော့ ပြည်သူရဲ့ တရားစီရင်မှုကို လက်ခံရမယ်။ ဒီအချက်တွေကို ကျွန်တော်တို့ တရားဝင် ကြေညာထားပြီးဖြစ်တယ်။ ဒီအချက် ဒီအချက်တွေအပေါ်မှာ အခြေခံပြီးတော့သာလျှင် ကျွန်တော်တို့ တွေ့ ဆုံဆွေးနွေးမှုဆိုတဲ့ကိစ္စက ဖြစ်နိုင်ခြေရှိမယ်ဆိုတာ ထပ်လောင်းပြီးတော့ အတည်ပြုပြောကြားလိုပါတယ်ဗျ” လို့ ဆိုပါတယ်။
တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ထဲမှာ စစ်တပ်နိုင်ငံရေးကနေ ထွက်ခွာရမှာဖြစ်ပြီး လက်နက်ကိုင်အင်အားစုတွေ အားလုံးဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိရမှာပါ။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က သွားတဲ့အခြေအနေမျိုး လုံးဝလက်ခံမှာမဟုတ်ဘဲ အများလက်ခံပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲပြီး အဲဒီဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်မှာ ဖြစ်ပါတယ်။
အဲဒီနိုင်ငံရေးဦးတည်ချက် ၆ ချက်ဟာ မြန်မာနိုင်ငံအတွက်ရော ပြည်သူလူထုအတွက်ပါ အင်မတန်အရေးကြီးပြီး လိုအပ်တဲ့အချက်တွေဖြစ်တယ်ဆိုတာ အားလုံးသိမြင်ကြပြီးဖြစ်တယ်လို့ ဦးနေဘုန်းလတ်က မှတ်ချက် ပြုပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကတော့ အာဆီယံက တိုက်တွန်းလာတဲ့အတွက် စစ်ကောင်စီနဲ့ NUG တို့ကြား တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် အချိန်ယူရမှာဖြစ်လို့ တဖြည်းဖြည်း ရောက်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“လောလောဆယ်မှာတော့ တော်လှန်ရေးဘက်က တောင်းဆိုတာနဲ့ စစ်ကောင်စီဘက်က မရိုးသားမှုပေါ့။ တော်လှန်ရေးဘက်က တောင်းဆိုထားတာ ၆ ချက်ကို ဦးနေဘုန်းလတ်တို့ ပြောနေတာတွေရှိတယ်။ ဥပမာ စစ်တပ်က နိုင်ငံရေးကနေ ထွက်ခွာရမယ် ဒါမျိုးတွေပေါ့။ ဒါပေမယ့် စစ်တပ်ကလုပ်နေတဲ့ ရည်ရွယ်ချက်က အချိန်ဆွဲဖို့ပဲလေ။ သူ့အတွက် အခက်အခဲ အင်မတန်ကြီးတယ်ဗျ။ အထူးသ ဖြင့် ဒီငလျင်မှာ နေပြည်တော်ပါ တော်တော်ထိသွားတော့ သူအခက်အခဲကြီးတော့ သူ့အပေါ် ဖိအားတွေ နည်းနည်းပုံလာတယ်။ သူ့ဘက်ကလျှော့မယ့်ပုံ အခုချိန်အထိ မတွေ့သေးဘူး။ ဒါပေမယ့်လို့ ဆွေးနွေးပွဲတွေကတော့ မကြာခင် ဖြစ်လာမယ်ထင်တယ်နော်။ နည်းနည်းတော့ အချိန်ယူရလိမ့်မယ်ထင်တယ်။ ချက်ခြင်းကြီးတော့ သိပ်ထူးထူးခြားခြားကြီး ဖြစ်လာစရာအကြောင်းအရင်းမရှိဘူး” လို့ ဆိုပါတယ်။
ဧပြီ ၁၈ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း အွန်လိုင်းကနေ ပထမဆုံး တရားဝင် တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်း အာဆီယံ ဥက္ကဋ္ဌနဲ့တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေး ကိစ္စရပ်တွေ ဆွေးဆွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှုအတွင်း အာဆီယံအသိုင်းအဝိုင်းထဲ ဖယ်ကျဉ်ထားတဲ့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဧပြီ ၁၇ ရက်နေ့မှာ အာဆီယံ ဥက္ကဋ္ဌက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။
မြန်မာနိုင်ငံ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးမှာ အာဆီယံအသိုက်အဝန်းက စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ကူညီရေးအပါအဝင် မြန်မာ-အာဆီယံအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကတော့ ငလျင်သင့်ဒေသတွေကို လူသားချင်းစာနာမှုအကူအညီတွေ ထိရောက်စွာပံ့ပိုးပေးနိုင်ရေး စစ်ကောင်စီနဲ့ NUG တို့ကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ သဘော တူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
ဦးနေဘုန်းလတ်က အပစ်ခတ်ရပ်စဲရေးဟာ တစ်ဘက်တည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်နေတဲ့အတွက် ပြည်သူလူထုကို ဦးစားပေး ကာကွယ်နိုင်ဖို့ အရေးကြီးတာကြောင့် အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“အပစ်ခတ်ရပ်စဲရေးဆိုတဲ့ ကိစ္စက တစ်ဘက်တည်း လုပ်လို့ရတဲ့ ကိစ္စဟုတ်မနေဘူး။ အဲဒီအတွက်ကြောင့် မလွဲသာမရှောင်သာ ကျွန်တော်တို့ ပြန်ပြီး ခုခံရတဲ့ကိစ္စမျိုးတွေတော့ ရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့တွေကတော့ ပြည်သူလူထုကို ဦးစားပေးတယ်။ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ ဒီအခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ စဉ်းစား ဆောင်ရွက်သွားရမှာဖြစ်ပါတယ်ဗျ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငလျင်သင့်ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ လူသားချင်း စာနာထောင်ထားမှုအကူအညီတွေ ဆက်လုပ်နိုင်ရေး ဧပြီ ၂၀ ရက်နေ့အထိ သက်တမ်းတိုးပြီး ထိုးစစ်ကို ရပ်တန့်ထားပါတယ်။
စစ်ကောင်စီကလည်း ဧပြီ ၂၂ ရက်နေ့အထိ အပစ်ရပ်ထားပေမယ့် လက်လွှတ်ထားရတဲ့ နယ်မြေတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုရှိတဲ့ ဒေသတွေမှာ စစ်ကြောင်းထိုးတာ၊လေကြောင်းတိုက်ခိုက်တာနဲ့ တပ်ပြောင်း တပ်ရွှေ့တာတွေလည်း လုပ်ဆောင်နေတာပါ။
ဒီအတွက်ကြောင့် တချို့ဒေသတွေမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေအပါအဝင် ကိုယ်ဝန်ဆောင်တွေ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG