ဘားအံ၊ ဧပြီ ၂၀
ကရင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေထဲကို အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာတာတွေ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၁၉ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ ကရင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ စာသင်ကျောင်း ဘုန်းကြီး ကျောင်း ဘုရားကျောင်းတွေနဲ့ စစ်ရှောင်ပြည်သူလူထုနေထိုင်ရာ နေရာဒေသတွေထဲကို လက်နက် ကြီးတွေ လေယာဉ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိတယ်လို့ KNU ပြောပါတယ်။
ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ အဆောက်အဦးတွေရဲ့ အဝေးမှာ နေထိုင်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေထဲကို အရေးပေါ်အကြောင်းကိစ္စမရှိဘဲ သွားလာတာတွေ မပြုလုပ်ဖို့ KNU က အသိပေးထားပါတယ်။
ဒါ့အပြင် သတင်းမီဒီယာတွေ ဒေသတွင်းက တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတင်းရယူတင်ဆက်ရာမှာ ပြည်သူလူထုပုန်းရှောင်နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က အလွယ်တကူရှာဖွေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ မပြုလုပ်နိုင်ဖို့အတွက် သတိထားတင်ဆက်ပေးဖို့လည်း KNU က အသိပေးပန်ကြားပါတယ်။
လက်ရှိမှာတော့ ကရင်ပြည်နယ် ကော့ကရိတ် ကျုံဒိုးမြို့တစ်ဝိုက်က အနီးအနားကျေးရွာတွေမှာ KNLA တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ အပြင်းအထန်လုပ်ဆောင်နေခဲ့ပါတယ်။
အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး နေ့စဉ် ရက်ဆက် တိုက်ခိုက်ခဲ့တဲ့အတွက် သင်္ကြန်ကာလအတွင်းမှာ ကျုံဒိုးမြို့အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို အများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာတွေကြား ပိတ်မိနေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ အပြင်ကို ထွက်ခွာလို့မရဘဲ ပိတ်မိနေတာတွေ အများအပြားရှိနေပြီး အချို့ဒေသခံတွေကတော့ မရွှေ့ပြောင်းလိုကြဘဲ ကျေးရွာထဲမှာသာ ကျန်ရှိနေထိုင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်သူအချို့ကတော့ ပိတ်မိနေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို တတ်နိုင်တဲ့နည်းလမ်းကနေ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနေပြီး အဲဒီအထဲမှာ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ