ဘန်ကောက် ဧပြီ ၁၈

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ဟာ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း အာဆီယံ ဥက္ကဋ္ဌနဲ့တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေး ကိစ္စရပ်တွေ ဆွေးဆွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းလေးနှစ်ကျော်အတွင်း လက်ရှိ အာဆီယံဥက္ကဌတာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်က မြန်မာ့အ‌ရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပထမဆုံး တရားဝင် တွေ့ဆုံလာတာ ဖြစ်ပါတယ်။

ဧပြီ ၁၇ ရက်နေ့ကလည်း အာဆီယံ ဥက္ကဋ္ဌက အာဏာသိမ်းမှုအတွင်း အာဆီယံအသိုင်းအဝိုင်းထဲ ဖယ်ကျဉ်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးမှာ အာဆီယံအသိုက်အဝန်းက စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

ငလျင်အကြောင်းပြုပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ NUG အပါအဝင် စစ်ခေါင်းဆောင်တို့ရဲ့ မြန်မာ့ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုတော့ ဘယ်ဘက်ကမှ အသေးစိတ်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမယ့် မလေးရှားသတင်းရဲ့ဖော်ပြချက်အရ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက စစ်ခေါင်းဆောင်ကို ငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို ဆောင်ရွက်နိုင်ရေး တိုက်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

တစ်ဘက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရဖို့ လာမယ့် ဒီဇင်ဘာလလအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီး NUG ကတော့ အခုနှစ်အတွင်း တော်လှန်ရေး အပြီးသတ်အောင်ပွဲရောက်ဖို့ စစ်ရေးအရ ပြင်ဆင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Anwar Ibrahim

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.