မကွေး၊ ဧပြီ ၁၈

မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ အကျဉ်းဦးစီးဝန်ထမ်း‌တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကြား ဖြစ်ပွားခဲ့တဲ့ တင်းမာမှုမှာ အကျဉ်းဦးစီး၀န်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဆေးဝါးကုသမှု ခံယူနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က မကွေးအကျဉ်းထောင်ရှေ့မှာ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်‌ကောင်စီ လက်အောက်ခံတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အလားတူ အဲဒီနေ့ ညနေ ၆ နာရီအချိန်ခန့်မှာလည်း အကျဉ်းထောင်တွင်းမှာ အကျဉ်းဦးစီးဝန်ထမ်းနဲ့ အကျဉ်းသားတွေကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက အကျဉ်းထောင်အတွင်းမှာ နှစ်ကြီး နိုင်ငံရေးအကျဉ်းသား အများအပြားရှိပြီး လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားမှ ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကြောင့် တင်းမာမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထောင်တွင်း အကျဉ်းသားတွေနဲ့ ဝန်ထမ်းတွေကြား ဖြစ်ပွားခဲ့တဲ့ တင်းမာမှုနဲ့ထိတွေ့မှုအတွင်း ထောင်ဗူးဝနဲ့ကင်းမျှော်စင်ကနေ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မာရုံမှာနေတဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် အနည်း‌ဆုံး နိုင်ကျဉ်း ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အကျဉ်းထောင်တွင်း ဖြစ်ပွားခဲ့တဲ့ တင်းမာမှုနဲ့ ပက်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အပြင် ထောင်ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.