‌မော်လမြိုင် ၊ ဧပြီ ၁၈

စစ်ရေးမဟာဗျူဟာအရ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလာပါတယ်။

မတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားမှာ သူက အွန်လိုင်းကနေ ပြောခဲ့တာပါ။

NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်မဟာဗျူဟာအရ အဆင့် (၃) ဆင့်ကို ဖြတ်သန်းကြရပြီး ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြရတယ်လို့ ဦးရည်မွန်က ဆိုပါတယ်။

အခုခါ ဒေသတိုင်းမှာ တပ်တည်ဆောက်မှုနဲ့ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ မဟာဗျူဟာထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရတာဖြစ်လို့ လက်ရှိ ရဲဘော်တွေဟာ ဒီအဆင့်ကို ဖြတ်သန်းနေကြရတာလို့ ပြောပါတယ်။

တတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲဖို့ပဲရှိလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ ဒီအတွက် ပြင်ဆင်ကြိုးပမ်းနေကြတာကို အသိပေးတာပါ။

ဒါ့အပြင် အထွေထွေထိုးစစ်ကြီးဆင်နွှဲရာမှာ မြစ်ဝကျွန်းပေါ်ဒေသဟာ အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုအဖြစ် ပါဝင်မယ်လို့ ဦးရည်မှန်က အခြေခံစစ်သင်တန်းဆင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မတ် ၈ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဦးဆောင်ကွပ်ကဲမယ့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) ဆင်းပွဲသို့ ပေးပို့တဲ့ သဝဏ်လွှာမှာလည်း သူက အလားတူ ထည့်သွင်းပြောဆိုထားတာပါ။

PDF ၊ ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုတစ်ခုလုံးက ဟန်ချက်ညီညီ အမြစ်ဖြတ်ဖို့ အချင်းချင်းကြား အချိတ်အဆက်မိမိနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ လိုနေပြီလို့ ထောက်ပြကြပါတယ်။

NUG ရဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အဓိက ပါဝင်နေပြီး အခြားတိုင်းရင်းသားလက်နက်အဖွဲ့ တချို့နဲ့လည်း စစ်ရေးအရ ပူးပေါင်းမှုတွေ ရှိနေတာပါ။

တော်လှန်ရေးကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားအားလုံးနဲ့ သဘောတူညီမှုတစ်ရပ် ရရှိဖို့ လိုအပ်သလို ယုံကြည်မှုတည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ထောက်ပြတာတွေလည်း ရှိနေပြန်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာ တိုင်းရင်းသားဒေသတွေအပါအဝင် စစ်အာဏာရှင်စနစ်လှုပ်ရှားမှုအားကောင်းတဲ့ တိုင်းဒေသကြီးတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.