ကျုံဒိုး ၊ ဧပြီ ၁၇
စစ်ကောင်စီဟာ လက်ရှိအချိန်ထိ ကျုံဒိုးမြို့အနီးတဝိုက်ရှိ ကျေးရွာတွေကိုလေကြောင်းသာမက လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ မွန်ပြည်သစ်ပါတီ AD က တိုက်တွန်းပါတယ်။
ဧပြီ ၁၅ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာကို စစ်ကောင်စီက လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ဧပြီ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်လာတာပါ။
ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ နေအိမ်အဆောက် အအုံတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကျုံဒိုးမြို့အနီးအနားရှိ ပြည်သူတွေနဲ့ အခြားဒေသက ပြည်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။
ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်နေအိမ်တွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဧပြီ ၁၅ ရက်နေ့ ၁၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးအနားရှိ အ ခြားကျေးရွာတွေကိုလည်း အလားတူ အဆက်မပြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်သားအရွယ်ကလေး နှစ်ဦးနဲ့ (၂) သက်ကြီးရွယ်အိုအပါ အဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပြီး အရပ်သားခြောက်ဦးအပါအဝင် သံဃာတော် ကိုးပါးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူအများအပြား အထူးဖြင့် သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် လူသားချင်းစာနာထောက် ထားမှု အကူအညီတွေ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို မွန်ပြည်သစ်ပါတီ AD က တိုက်တွန်းတာပါ။
လက်ရှိ စစ်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိနိုင်ရေး မွန်ပြည်သစ်ပါတီ AD ရဲ့ လူသားစာနာမှုဌာနကလည်း တတ်နိုင်တဲ့ဘက်က အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားသရွေ့ ပြည်သူတွေအနေနဲ့ နောက်ထပ်အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေကြရဦးမှာဖြစ်လို့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝအေးချမ်းလုံခြုံပြီး တန်းတူညီမျှမှုရှိတဲ့ လူ့ အဖွဲ့အစည်းတည်ဆောက်ရေး အဓိကဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီ ပြုတ်ကျရေးအတွက် မွန်လူမျိုးတွေအားလုံး ပူးပေါင်းလုပ်ဆောင်ကြမယ့် အချိန်ရောက်ပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူလူထုတွေကို အကာအကွယ် ပေးနိုင်ရေးနဲ့ မွန်လူမျိုးတွေရဲ့ ကြမ္မာ မွန်လူမျိုးတွေဖန်တီးနိုင်ရေးအတွက် မွန်လူငယ်တွေနဲ့ မွန်ပြည်သူတစ်ရပ်လုံးက မွန်ပြည်သစ်ပါတီ AD နဲ့အတူ ပူးပေါင်းတော်လှန်ကြဖို့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ က ဖိတ်ခေါ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ