ဘန်ကောက် ဧပြီ ၁၇
နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၄၉၀၀ ဝန်းကျင်ကို စစ်ကောင်စီက လွတ်ငြိမ်ချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီ အာဘော် မြန်မာ့ရုပ်မြင်သံကြားက ကြေညာလာတာပါ။ နိုင်ငံခြားသား ၁၃ ယောက်ကို ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူသတ်မှု၊ မုဒိန်းမှု၊ တခြားလုံခြုံရေးဆိုင်ရာအက်ဥပဒေ စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေကလွဲလို့ ကျန်အကျဉ်းသားတွေကို ထောင်ဒဏ် လျှော့ပေါ့ပေးမယ်လို့လည်း ဆိုပါတယ်။ အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်မယ်ဆိုရင်တော့ မူရင်းထောင်ဒဏ်မှာ ကျန်ရှိတဲ့အပြစ်ဒဏ်ကိုပါ တပါတည်း ပူးတွဲကျခံရမယ်လို့ ဖော်ပြပါရှိပါတယ်။
နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းခွင့် အမြောက်အများပေးတာမျိုးက မြန်မာနိုင်ငံမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ လွှတ်ပေးမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ မြောက်ပိုင်းမှာရှိတဲ့ အင်းစိန်အကျဉ်းထောင် ဂိတ်တံခါးဝအပြင်ဘက်မှာ ဒီနေ့ ဧပြီ ၁၇ ရက် မနက်အစောပိုင်းကစလို့ အကျဉ်းသားတွေရဲ့ ဒါဇင်နဲ့ချီတဲ့ ဆွေမျိုး မိတ်ဆွေတွေ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ လွတ်ငြိမ်းခွင့်အရ အင်းစိန်ထောင်ကနေ အကျဉ်းသား ဘယ်လောက်လွှတ်ပေးမယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။
မြန်မာနိုင်ငံဟာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရေွးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာကတည်းက စစ်အုပ်ချုပ်ရေးအောက် ရောက်ရှိနေခဲ့တာပါ။ အဲဒီလို အာဏာလွှဲပြောင်းမှုဟာ ကြီးမားတဲ့ အကြမ်းမဖက် တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီနောက်ပိုင်း ကျယ်ပြန့်တဲ့ လက်နက်ကိုင် တွန်းလှန်မှု ဖြစ်ပေါ်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန် ပြည်တွင်းစစ်ဖြစ်နေတယ်လို့ အေပီသတင်းက ရေးပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အဆိုအရ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားအရေအတွက်ဟာ ၂၂၁၈၇ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား တော်တော်များများဟာ ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ပေးလို့ရတဲ့ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်မှု၊ လှုံ့ဆော်မှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က နိုင်ငံ့အလယ်ပိုင်းကို ရိုက်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျု့အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် လူပေါင်း ၃၇၂၅ အထိ သေဆုံးထားရပြီး ကွန်ဒိုအသစ်တွေကစလို့ ရှေးဟောင်းဘုရားတွေအထိ ပျက်စီးဆုံးရှုံးထားရတာပါ။
နှစ်ကူးမိန့်ခွန်းမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အစိုးရအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
နောက်ပြီး အခုနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပဖို့ စီစဉ်ထားတဲ့အကြောင်း ထပ်မံပြောဆိုခဲ့ပြီး စစ်တပ်ကို တိုက်ခိုက်နေကြတဲ့ အတိုက်အခံအဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့ ပြောဆိုထားတာပါ။
သင်္ကြန်အားလပ်ရက်အတွင်းမှာတော့ စစ်တပ်နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကျေးလက်ဒေသတချို့က လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သေဆုံးထိခိုက်ရသူအရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Ref:AP