ဘန်ကောက် ဧပြီ ၁၆
မြန်မာလူထုတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တို့ တွေ့ဆုံကြမယ့်အပေါ် NUG အပါအဝင် EAO တွေနဲ့ အင်အားစု တချို့က ကန့်ကွက်ကြောင်း ဒီနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တို့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိနေတာပါ။
ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU ၊ KNPP၊ CNF၊ ABSDF တို့အပြင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ၊
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ FRC နဲ့
အမည်မဖော်လိုတဲ့ အင်အားစုတွေ ကန့်ကွက်ကြပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို တိုင်းပြည် နယ်နိမိတ်ရဲ့ ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးအုပ်ချုပ်နိုင်တဲ့ စစ်အုပ်စုထံ တိုက်ရိုက်ပေးအပ်ခြင်း မဟုတ်ဘဲ NUG နဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပတ်သက်သူ အစုအဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ထောက်ပံ့ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်တာပါ။
စစ်အုပ်စုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ပါ အခြေခံအချက် တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေးဆိုတဲ့ မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ရှေ့မှောက်မှာ လိုက်နာဖို့ သဘောတူညီခဲ့မှုအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ တရားခံလည်း ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ ပြည်သူလူထုကို ကိုယ်စားပြုခြင်းလည်း လုံးဝမရှိတော့တာကို သတိချပ်ရမှာဖြစ်ပြီးတိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာဟာ နေပြည်တော်က တိုက်ရိုက်စီမံအုပ်ချုပ်နေတဲ့ အခြေအနေမဟုတ်တော့ဘဲ နယ်မြေအသီးသီးရှိ ပြည်သူလူထုလက်ဝယ် သက်ဆင်းသွားပြီးဖြစ်တာကို သတိမူသင့်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ စစ်အုပ်စုနဲ့ တိုက်ရိုက် ဦးတည်ထောက်ပံ့နေခြင်းသာမက အမှန်တကယ် ထိခိုက်ခံစားနေရတဲ့ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူတွေထံသို့ အကူအညီပေးရေး အစီအစဉ်တွေ တိုက်ရိုက်ရောက်ရှိနိုင်စေဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက်သွားဖို့ လိုအပ်နေတာပါ။
ဒါ့အပြင် စစ်အုပ်စုက တဖက်သတ်ဦးစီးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မြန်မာပြည်သူလူထုရဲ့ လိုလားချက် မျှော်မှန်းချက်တွေကို ကိုယ်စားပြုတဲ့ သဘောထား ထင်ဟပ်စေနိုင်ရေး စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အထူးသတိပြုသင့်တယ်လို့ ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေအနေနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီတွေကို စစ်ခေါင်းဆောင်ကတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ရင် အကူအညီတွေဟာ နိုင်ငံရေးအရ အလွဲအသုံးချမယ့် အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရမှာဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အပြင်းအထန် ကန့်ကွက်လာတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်