ပုလော ဧပြီလ ၁၄
တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂ ဦး မိုင်းကြောင့် ကျဆုံးခဲ့တယ်လို့ ဧပြီ ၁၃ ရက်မှာ သက်ဆိုင်ရာတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ရဲဘော် ပေါက်ကျိုင်း ခေါ် မင်းခန့်က ဧပြီ ၈ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ဗလ ခေါ် ကောင်းခန့်ကျော်ကတော့ ဧပြီ ၁၀ ရက်နေ့မှာ ကျဆုံးခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ရဲဘော် ဗလက စခန်းမှာ ဒရုန်းဗုံးသီးထုတ်လုပ်ရင်းနဲ့ မတော်တဆဖြစ်ပြီး ချက်ချင်းဆုံးတာ။ ရဲဘော်ပေါက်ကျိုင်းက စစ်ဆင်ရေးနယ်မြေမှာ မိုင်းဖြုတ်ပေးရင်းနဲ့ ဒဏ်ရာပြီး ၂ ရက်အကြာမှာဆုံးတာ” လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရဲဘော် ပေါက်ကျိုင်းဟာ ဧပြီ ၆ ရက်နေ့က ကျောင်းနိမ့်ကျေးရွာ အများပြည်သူသွားလမ်းမှာ ရှိနေတဲ့ တိုက်ပွဲကာလ လက်ကျန် ဘယ်အဖွဲ့ကထောင်ထားမှန်းမသိတဲ့ မိုင်းကို ရှင်းလင်းပေးချိန်မှာ မတော်တဆပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရကာ ဆေးကုသနေရင်း ဧပြီ ၈ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့နာရေးကိုတော့ တပ်ရင်းရဲ့ အစီအစဉ်နဲ့ ကျင်းပပြုလုပ် ပြီးစီးသွားပြီလို့လည်း သိရပါတယ်။
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မိုင်းမတော်တဆမှုကြောင့်မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၆ ဦးအထိ ကျဆုံးထားတယ်လို့ သိရပါတယ်။