ဘန်ကောက် ဧပြီ ၁၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အခုလအစောပိုင်းက ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီနိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ဧပြီ ၁၃ ရက်မှာ ထုတ်ဖော်ပြောဆိုလာတာပါ။ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အကြောင်း စစ်ခေါင်းဆောင်ကို အကြံပေးခဲ့တယ်လို့ သက်ဆင်က ပြောပါတယ်။
သက်ဆင်က “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိတာ ကျနော်မြင်ချင်လို့ သူ(စစ်ခေါင်းဆောင်) နဲ့ စကားပြောခွင့်ရခဲ့ပါတယ်” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတဆင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်တာကို ထိုင်းနိုင်ငံက မြင်တွေ့လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ကမ္ဘာ့စူပါပါဝါနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး ပြောဆိုထားတယ်လို့လည်း သက်ဆင်က ထပ်လောင်း ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ရိုက်စကားပြောဆိုခြင်းဟာ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်း ရှာဖွေဖို့အတွက် မဖြစ်မနေလိုအပ်ပြီးတော့ ထိုင်းနိုင်ငံဟာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား ကြားခံညှိနှိုင်းသူအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သက်ဆင်က ရှင်းပြပါတယ်။
သူနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပေါ် ထိုင်းပညာရှင်တွေကြား စိုးရိမ်မှုရှိခဲ့တာကို အသိအမှတ်ပြုတယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို ထောက်ခံနေကြောင်း အထင်အမြင်ခံရမှာကို စိုးရိမ်ကြလို့ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုကို ရှောင်ရှားဖို့ အဲဒီထိုင်းပညာရှင်တွေက သူ့ရဲ့သမီး ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သတိပေးထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ရဲ့ အကြုံပြုချက်တွေကို လက်ခံထားပြီး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မစခင် နောက်ထပ်ဆွေးနွေးမှုတွေ လိုအပ်နိုင်သေးတယ်လို့လည်း သက်ဆင်က ပြောပါတယ်။
ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မလုပ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကျင်းပမှာကို ဆန့်ကျင်တဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံမှာ လုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုမရှိခဲ့ဘူးလို့ သက်ဆင်က ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှာနေတဲ့အဖွဲ့တွေ ပေါင်းစည်းထားတဲ့ ကျယ်ပြန့်တဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ စစ်ကောင်စီရဲ့ အာဏာကို ဆက်လက် စိန်ခေါ်နေပါတယ်။
မြန်မာစစ်တပ်ကတော့ ရွေးကောက်ပွဲတွေ လုပ်မယ်လို့ အဆိုပြုထားပေမယ့် အတိုက်အခံအဖွဲ့တွေကတော့ အဲဒါက တရားမဝင်ဘူးဆိုပြီး ပယ်ချထားပါတယ်။ ဖြုတ်ချခံ ဥပဒေပြုသူတွေနဲ့ ဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ပြိုင်အစိုးရတစ်ခုအနေနဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။
နိုင်ငံတကာဖိအားတွေကတော့ ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ အတိုက်အခံ အင်အားစုတွေနဲ့ ညှိနှိုင်းဖို့ ထပ်ခါတလဲလဲ တောင်းဆိုနေကြပါတယ်။
Ref:TheNation