လန်ဒန်၊ ဧပြီ ၁၁

ဘရပ်ဆဲလ်မြို့မှာ နိုင်ငံပေါင်း ၅၀ ပါဝင်တဲ့ အစည်းအဝေး တစ်ခု လက်ခံ ကျင်းပဖို့ ဗြိတိန်နဲ့ဂျာမနီတို့ ကြိုတင် ပြင်ဆင်နေချိန် ယူကရိန်း အတွက် စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၄၅၀ ထပ်မံ ပေးအပ် သွားမှာ ဖြစ်ကြောင်း လန်ဒန်အစိုးရက ကြေညာလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပိုပေးပြီး ယူကရိန်းကိုကျူးကျော် တိုက်ခိုက်နေမှု အဆုံးသတ်စေရေး ကာကွယ်ရေးအရာရှိတွေ စုဝေးကြမှာဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီလေက ပြောပါတယ်။

ယူကရိန်း ကာကွယ်ရေးကို ဆက်လက် အားဖြည့်ပေးပြီး ရုရှားရဲ့ရန်စ တိုက်ခိုက်မှုကို တားဆီးရေး မိမိတို့ အရှိန်မြှင့် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဟီလေက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဗြိတိန်က ပေးအပ်မယ့် စစ်ရေးအကူအညီတွေမှာ ဒရုန်းတွေ၊ သံချပ်ကာကားဖျက် မိုင်းတွေနဲ့ စစ်သုံးကား ပြန်လည် ပြုပြင်ရေးတို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါင်သန်း ၃၅၀ လောက်ကို ဗြိတိန်က ပေးအပ်မှာဖြစ်ပြီး တခြား ရန်ပုံငွေကို ယူကရိန်းအတွက် ဗြိတိန် ဦးဆောင်တဲ့ နိုင်ငံတကာရန်ပုံငွေ အဖွဲ့ကတဆင့် နော်ဝေနိုင်ငံက ပေးအပ်မှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ ယူကရိန်းသို့ ဗြိတိန်က ပေးပို့ထားပြီး ဖြစ်တဲ့ စစ်သုံးကား ပြန်လည် ပြုပြင်ရေးနဲ့ ထိန်းသိမ်းရေးအတွက် ပေါင်သန်း ၁၆၀ ပါဝင်မှာ ဖြစ်ပါတယ်။

အနီးကပ် တိုက်ခိုက်ရေး စစ်ရေးအကူအညီထဲမှာ ရေဒါစနစ်တွေ၊ သံချပ်ကာကားဖျက် မိုင်းတွေနဲ့အစီးရေ ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အတွက် ရန်ပုံငွေထောက်ပံ့မှုလည်း ပါဝင်ပြီး တန်ဘိုး ပေါင်သန်း ၂၅၀ ရှိကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

မိမိတို့ အုပ်စုရဲ့ ကြိုးပမ်းမှုက ယူကရိန်းကို အတတ်နိုင်ဆုံး အားအကောင်းဆုံး အနေအထားမှာ ရှိနေစေရေး အရေးကြီးကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

၂၀၂၅ ခုနှစ်ဟာ ယူကရိန်းအတွက် အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်တယ်လို့လည်း ဝန်ကြီး ဟီလေက ပြောတာပါ။

ဗြိတိန်က ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အများကြီး ပေးအပ်ခဲ့ပြီးနောက်မှာ အခုလို စစ်ရေးအကူအညီ ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက လန်ဒန်မှာ ဥရောပခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ယူကရိန်းနဲ့ ပေါင် ၁ ဒသမ ၆ ဘီလီယံ တန်ဘိုးရှိ ဒုံးကျည် သဘောတူညီမှု တစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာခဲ့ပါတယ်။

ဥရောပလုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် နောက်ဆုတ်သွားပြီး နောက်ပိုင်း ဗြိတိန်က ဦးဆောင်ပြီး ယူကရိန်းကို ကူညီဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.