မော်လမြိုင်၊ ဧပြီ ၁၁

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၄၀ တောင်းဆိုလိုက်တယ်လို့ ကုလသမဂ္ဂက ဧပြီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် လူ ၄၈၀၀ ဦး ဒဏ်ရာရကာ ၁၈၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် မြို့နယ်ပေါင်း ၅၈ ခုမှ လူပေါင်း ကိုးသန်းကျော် ထိခိုက်ခဲ့ရပြီး ဆေးရုံနဲ့စာသင်ကျောင်းအပါအဝင် ထောင်နဲ့ချီတဲ့အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ကာ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်‌နေတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ အထိခိုက်ဆုံးဒေသတွေကို ထောက်ပံ့ဖို့နောက်ထပ် ဒေါ်လာ ၂၄၁ ဒသမ ၆ သန်းကို တောင်းဆိုထားပြီး မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးအတွက် ဒေါ်လာ ၁၃၄ သန်းကိုလည်း ပေးအပ်သွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်‌တွေနဲ့ မြန်မာ့အတိုက်အခံပြည်သူတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း အကူအညီ လိုအပ်နေတဲ့ ပြည်သူ သန်း ၂၀ နီးပါးဟာ သဘာဝဘေးအန္တရာယ်မတိုင်မီကတည်းက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ကျန်းမာရေး အထောက်အကူပြု အဆောက်အအုံမှာလည်း ဆေးဝါးထောက်ပံ့မှုတွေ ပြတ်တောက်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.