တနင်္သာရီ၊ ဧပြီလ ၁၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီး တနင်္သာရီ-မောတောင်လမ်းမှာ ဧပြီ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ပြောပါတယ်။
အဲဒီနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်မှာ ခလရ ၂၆၅ တပ်ရင်းက စစ်ကောင်စီအင်အား ၅၀ ကျော်ဟာ စစ်ကြောင်းထိုးလာချိန် KNLA ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲက ရက်ဆက်နေ့တိုင်းဖြစ်နေပြီး သိန်းခွန်ရွာအနီး တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အ ထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ မြိတ်ခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး MA1 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ၆၀ မမကျည် ၂ လုံး၊ RPG ကျည် ၂ လုံး၊ M79 ကျည် ၉ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ M14 ဗုံး ၄ လုံး၊ တိုက်မိုင်း ၂ လုံး၊ ၈၁ မမ ကျည် ၁ လုံးနဲ့ ကျည်ဆန် ၅.၅၆ (၅၃၀) တောင့် သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
ဧပြီ ၁၁ ရက်မှာလည်း စစ်ကောင်စီတပ်ဘက်က ဆက်တိုးလာတာကြောင့် သိန်းခွန်ရွာအနီးမှာ တိုက် ပွဲထပ်ဖြစ်နေပြီး ထိခိုက်မှုအခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။
ဧပြီ ၉ ရက်နေ့မှာလည်း သိန်းခွန်ရွာအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေ ကြောင်းကနေ ၂ ကြိမ် ဗုံး ၆ လုံးကြဲချခဲ့ပေမယ့် ပူးပေါင်းတပ်တွေဘက်က ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်လို့ ရဲဘော် ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ