လားရှိုး ၊ ဧပြီ ၁၂
၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေလို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က ပြောနေချိန် စစ်ရေးလေ့လာသူတွေကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တချိန်ချိန်မှာ အပစ်ရပ်ပြီး နယ်မြေသတ်မှတ်တာမျိုး ဖြစ်လာနိုင်ချေရှိတယ်လို့ သုံးသပ်လာပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကနေ ကမကထပြုတဲ့ ၁၀၂၇ စစ်ဆင်ရေးကို တခြားမဟာ မိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်လိုက်တာဟာ မြန်မာပြည်မှာ လက်နက်ကိုင်တော်လှန်ရေးရဲ့ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြု စစ်ဆင်ရေးဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာရက္ခအိပ်မက်လုပ်ငန်း စဉ်ကြီးကို အကောင်အထည်ဖော်ဖို့ အာရက္ခတပ်တော် AA ဖွဲ့စည်းတည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည်သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့စုစည်းညီညွတ်စွာ အ တူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက် လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ စည်းလုံးညီညွတ်ကြမယ်လို့ MNDAA နဲ့ TNLA တို့က ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မတူညီတဲ့ အခြေအနေတွေမှာ တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး နယ်မြေသတ်မှတ်တာမျိုး မဖြစ်လာနိုင်ဘူးလို့ ယတိပြတ်ပြောလို့မရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“တရုတ်ဖိအားကြောင့် ကိုယ်ပိုင်လွတ်မြောက်နယ်မြေကိုယ်စီ အပြီးသတ်ယူပြီး စစ်ကောင်စီက ဆွေးနွေးတဲ့ အပစ်ရပ်တဲ့အထိလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ တ ရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ (မြောက်ပိုင်း) လက်နက်ကိုင်တပ်ဖွဲ့မှန်သမျှ တရုတ်ရဲ့ သဘောထားကိုတော့ ငြင်းဆန်လို့ မရဘူး။ ပြောတဲ့အတိုင်း လိုက်မလုပ်လို့တော့ မရဘူး။ ပြင်းထန်တဲ့ဖိအားတွေ သက် ရောက်မှုတွေ ရှိလာမှာဆိုတော့ အပစ်ရပ်ပြီးတော့ နယ်မြေသတ်မှတ်တာမျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောလို့တော့ မရပါဘူးခင်ဗျ။ ဖြစ်လည်းဖြစ်လာနိုင်တယ်ပေါ့” လို့ ဆိုပါတယ်။
တကယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့စလုံး စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲခဲ့ရင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်တော်လှန်ရေးဟာ ပျက်ပြယ်သွားမှာ မဟုတ်ဘဲ ကိုယ်တိုက်မှ ကိုယ်ရမယ်ဆိုတဲ့ ခွန်အားဖြစ်လာမယ်လို့ သူက ထောက်ပြပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA အနေနဲ့ တရုတ်အစိုးရဖိအားကြောင့် ဧပြီ ၂၀ ရက်နေ့မတိုင်ခင်မှာ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်ဖို့ ရှိနေပါတယ်။
ဒါကြောင့် ကိုးကန့်တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ပြင်နဲ့ ကျေးရွာတွေမှာတော့ ဆက်လက်နေရာယူထားမှာဖြစ်ပေမယ့် တစ်ဘက်မှာ စစ်ကောင်စီနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြတာပါ။
တအာင်းတပ် TNLA ကလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိ စစ်ရေးပြဿနာတွေ ပြေ လည်နိုင်ရေး ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရရှိခဲ့ပါဘူး။
လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။
အာရက္ခတပ်တော် AA ကတော့ ရခိုင်တပြည်လုံးလွတ်မြောက်ရေးအတွက် ကျန်တဲ့မြို့နယ်တချို့မှာ ဆက်လက်တိုက်ပွဲဝင်နေပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အမြဲတမ်းသင့်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အသိပေးကြေညာခဲ့ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က တရုတ် ဖိအားနဲ့ MNDAA ရဲ့ အခြေအနေဟာ TNLA အပေါ် စစ်ရေးအရ ဝန်ထုပ်ဝန်ပိုဖြစ်နေတာကြောင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ညီနောင်သုံးဖွဲ့ရဲ့ ပါဝင်ခြင်း မပါဝင်ခြင်းဟာရလဒ်ကို ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။
“အမျိုးသားလွတ်မြောက်ရေးအတွက် နောက်ဆုံး စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ခိုက်မယ်ဆိုတဲ့ သဘောမျိုးလည်း ပြောထားတာရှိတယ်။ သို့ပေမယ့် အခုလောဆယ်မှာ MNDAA အနေနဲ့ လားရှိုးကို တရုတ်ဖိအားနဲ့ စစ်ကောင်စီကို ပြန်ပေးထားရပြီး လက်ရှိမှာလည်း အပစ်ရပ်ဆိုင်းထားတယ်။ ဒီအတွက် TNLA ဘက်မှာ ဝန်ထုပ်ဝန်ပို သွားမိတယ်။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီက မိုးကုတ်နဲ့ နောင်ချိုဘက်ကို စစ်အင်အားအလုံးရင်းသုံးပြီး တောင်းခမ်းကနေ ဖောက်ထွက်နိုင်အောင် လုပ်လာနိုင်တဲ့ အနေအထားမျိုးထိ တွေ့ရတယ်။ အဲဒီတော့ ကြေညာချက် ထုတ်တာတော့ ထုတ်တာပဲ။ တစ်နိုင်ငံလုံး စစ်အာဏာရှင်ပြုတ်ကျပြီးတော့ လွတ်မြောက်ရေးအတွက်ကို ပါဝင်ခြင်း မပါဝင်ခြင်းဆိုတာ စတိတ်မန့်တွေကို ကြည့်ရုံတင်မရဘဲ Results (ရလဒ်) တွေကို ကြည့်ရမယ်။ အဓိက Results ပဲ အဖြေပဲ” လို့ ဆိုပါတယ်။
သဝဏ်လွှာမှာတော့ အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတို့အတွက် အာရက္ခအိမ်မက်ကို မရပ်မနား ကြိုးပမ်းကြသူအားလုံးကို အ ထူးလေးစားဂုဏ်ယူကြောင်းနဲ့ မကြာမီအချိန်မှာ မုချမသွေရောက်ရှိတော့မယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာ့စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး လူထုနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်နိုင်ဖို့ နိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးနယ်မြေအသီးသီးမှာ AA ရဲ့ တပ်ဖွဲ့ဝင်တွေ တည်ရှိတယ်လို့ ဆိုပါတယ်။
ဒီအတွက်ကြောင့် တော်လှန်ရေးအလုပ်တွေကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် ဖော်ဆောင်နေတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ်ဖြစ်တယ်လို့ AA ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-3 Alliance