မော်လမြိုင်၊ ဧပြီလ ၁၂

KNU တပ်မဟာ ၁ နယ်မြေခံတပ်ရင်းတွေထံ စစ်မှုထမ်းအပတ်စဉ် ၈ သသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ ဦးအလင်းဝင်လာတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့မှာ သထုံမြို့နယ် ကြာပန်းကျေးရွာအခြေစိုက် ခမရ ၂၀၆ က စစ်သင်တန်းဆင်းတပ်သား ကျော်ဇောနဲ့သူရတို့ ၂ ဦးဟာ လက်နက်မဲ့ အလင်းဝင်လာကြတယ်လို့ ဆိုပါတယ်။

အဲဒီတပ်သား ၂ ဦးဟာ စစ်ကောင်စီလက်ထောက်မှာ စစ်မှုမထမ်းချင်တဲ့အတွက် အလင်းဝင်လာတာဖြစ်ပြီး လောလောဆယ် နယ်မြေခံအဖွဲ့တွေထံမှာရှိနေကြောင်း KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီအလင်းဝင်လာသူ တပ်သား ၂ ဦးဟာ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့အချိန် ၂၀၂၄ အောက်တို ဘာလအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခံရကာ တပ်သားဖြစ်လာသူတွေ ဖြစ်ပါတယ်။

အခြေခံစစ်သင်တန်းကိုတော့ ရန်ကုန်တိုင်း ရဲမွန်တပ်မြို့ သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း သား ၃၀၀ နဲ့အတူ ၂ လခွဲသင်တန်းတက်ရောက်ပြီးနောက် ခမရ ၂၀၆ ကို ရောက်ရှိလာတာလို့ သိရပါတယ်။

လက်ရှိမှာတော့ အလင်းဝင်လာသူ ၂ ဦးကို KNU ဘက်က ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စားသောက်နေထိုင်ရေး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း သထုံအခြေစိုက် အမှတ် ၄၀၂ အမြောက်တပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၃ ဦးဟာ လက်နက်တွေနဲ့အတူ KNU တပ်မဟာ ၁ တပ်ရင်းတွေထံ အလင်းဝင်ခဲ့တာရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.