ကိဗ်၊ ဧပြီ ၁၀
ယူကရိန်းမှာ တိုက်ခိုက်ဖို့ ရုရှားက တရုတ် ကြေးစားစစ်သားတွေကို ခေါ်ယူထားတဲ့အကြောင်း ဘေဂျင်းအစိုးရ သိတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ထားတဲ့ တရုတ် ကြေးစားစစ်သား ၁၅၅ ဦးရဲ့ အသေးစိတ်အချက်အလက်တွေကို မိမိတို့ ရရှိထားတယ်လို့လည်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားဘက်က ကူညီ တိုက်ခိုက်ပေးဖို့ တရုတ်နိုင်ငံသား အများအပြား ခေါ်ယူခံထားရတယ်ဆိုတဲ့ ပြောဆိုမှုကို ဘေဂျင်းက ပယ်ချပြီးနောက် နာရီပိုင်းအကြာမှာ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မိမိတို့ နိုင်ငံသားတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဝင်မပါကြဖို့ ဘေဂျင်းအစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အရှေ့ပိုင်း ဒွန်နက်စ်ဒေသမှာ ရုရှားစစ်သားတွေနဲ့ အတူ တိုက်ပွဲဝင်နေတဲ့ တရုတ်စစ်သားနှစ်ဦးကို ယူကရိန်းစစ်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း သမ္မတ ဇီလန်စကီးက စောစောပိုင်း တစ်ရက်မှာ ပြောဆိုခဲ့သေးတာပါ။
စစ်ဝတ်စုံ ဝတ်ထားပြီး တရုတ် မက်ဒရင်းဘာသာနဲ့ ပြောဆိုနေတဲ့ တရုတ်စစ်သား တစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို ဇီလန်စကီးက ဖော်ပြခဲ့ပါတယ်။
ယူကရိန်းနယ်မြေ အတွင်း ယူကရိန်းတပ်တွေကို တိုက်ခိုက်နေတဲ့ တရုတ်စစ်သား ၁၅၅ ဦးရဲ့ နာမည်၊ နိုင်ငံကူးလက်မှတ် နံပါတ် စတဲ့ အသေးစိတ် အချက်အလက်တွေကို မိမိတို့ ရရှိထားပြီး ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ရုရှားစစ်တပ်က ခေါ်ယူထားတဲ့ တရုတ်နိုင်ငံသား ၁၆၈ ဦးရဲ့ အသေးစိတ် အချက်အလက်တွေကို ယူကရိန်း ထောက်လှမ်းရေးဌာနက ရရှိခဲ့ပြီး လူသိရှင်ကြား ဖော်ပြခဲ့တာပါ။
ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတဲ့ တရုတ်နိုင်ငံသားတွေ ထပ်ရှိနိုင်သေးကြောင်းနဲ့ နောက်ထပ် သတင်း အချက်အလက်တွေ စုဆောင်းနေကြောင်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားက TikTok နဲ့ တခြား တရုတ် လူမှုမီဒီယာတွေကတဆင့် တရုတ် နိုင်ငံသားတွေကို စစ်သားသစ်တွေအဖြစ် ခေါ်ယူနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးက ပြောပါတယ်။
ဇီလန်စကီးရဲ့ ပြောဆိုမှုဟာ အဓိပ္ပါယ် မရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တုံ့ပြန်ထားပါတယ်။
တရုတ်အစိုးရက သူတို့နိုင်ငံသားတွေကို လက်နက်ကိုင် ပဋိပက္ခတွေမှာ ဘယ်လို ပုံစံမျိုးနဲ့မဆို မပါဝင်ကြဖို့ အမြဲ ညွှန်ကြားထားတယ်လို့ ပြောခွင့်ရသူ လင်ကျန်းက ပြောပါတယ်။
ဇီလန်စကီးရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာမှာ မှတ်ချက် ပေးဖို့ ငြင်းဆိုသွားပါတယ်။
Ref:AFP