မော်လမြိုင် ၊ ဧပြီ ၁၁
နိုင်ငံတဝန်းရှိ ဒေသကြီး ခြောက်ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်းအထန် ခံစားရပြီးနောက် မွန်ပြည်နယ် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ၉ ရက်ကြာ ပရိတ်ရွတ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြည်နယ် စစ်ကောင်စီဟာ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ထိ ဌာနဆိုင်ရာ အားလုံးရှိ ဝတ်ရွတ်အသင်းတွေကို ဧပြီ ၈ ရက်နေ့ကနေ ဧပြီ ၁၆ ရက်နေ့ထိ ပရိတ်ရွတ်ဖတ်ဖို့ ညွှန်ကြားထားတာပါ။
ပရိတ်ရွတ်ဖတ်ရာ နေရာတွေကိုတော့ သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ဓမ္မာရုံတွေ၊ စေတီပုထိုးတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ နေ့စဉ် ည ၇ နာရီမှစတင်ကာ အန္တရာယ်ကင်း ရတနသုတ် ပရိတ်ကို ၉ ခေါက် ရွတ်ဖတ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ရတနသုတ်ပရိတ်ကို ၉ ရက်တိတိ ရွတ်ဖတ်ခိုင်းတာဟာ နိုင်ငံတော် အေးချမ်းသာယာစေဖို့၊ နိုင်ငံတစ်ဝန်း ဘေးအန္တရာယ် ကင်းရှင်းစေဖို့နဲ့ ပြည်သူတွေ စိတ်ကြည်နူး အေးချမ်း စေဖို့ ရည်ရွယ်ပြီး ရွတ်ဖတ်ခိုင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာတော် တစ်ပါးကတော့ အန္တရာယ်ကင်း ရတနသုတ် ပရိတ်ကို ရွတ်ဖတ်တာ ကောင်းပေမယ့် အတင်းအကျပ် မဖြစ်မနေ သဘောမျိုး ရွတ်ဖတ်ခိုင်းပါက သက်ရောက်မှု ရှိမှာ မဟုတ်သလို ထိရောက်မှုလည်း မရှိနိုင်ဘူးလို့ မိန့်ကြားပါတယ်။
တဖက်မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ တခြားဒေသတွေမှာ သဘာဝဘေးဖြစ်တာအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု များပြားတဲ့ ကာလတွေမှာလည်း ပရိတ်၊ ပဋ္ဌာန်းတွေကို ရွတ်ဖတ် ခိုင်းလေ့ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေမှာ ဘေးကင်းစေဖို့အတွက်ဆိုပြီး အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော် ရွတ်ဖတ်ခိုင်းတာတွေ၊ အသံမစဲ မဟာပဋ္ဌာန်းပွဲ ပြုလုပ်တာတွေအပြင် ပရိတ်ရွတ်ဖတ်တာတွေကိုလည်း ဒေသတွင်းမှာ မကြာခဏ လုပ်ဆောင်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI