ဘားအံ၊ ဧပြီ ၁၁

ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေကို စစ်မှုထမ်းခေါ်ယူတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ရပ်ကွက်တချို့မှာတော့ စစ်မှုထမ်းဖို့အ တွက် မဲနှိုက်တာတွေ စတင်လုပ်ဆောင်နေပြီလို့ ဘားအံဒေသခံတွေဆီကနေ သိရပါတယ်။

ဘားအံမြို့ပေါ်က ရပ်ကွက်တွေမှာ အရင်က စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်းခေါ်ယူရာမှာ ရပ်ကွက်တွေအတွင်း ပြည်သူတွေဆီကနေ ငွေကြေးလိုက်လံကောက်ခံယူနေပြီး အဲဒီကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ လူတစ်ဦးကို ငှားရမ်းခေါ်ဆိုခဲ့ပြီး စစ်မှုထမ်းဖို့အတွက် လူအစားထိုးတာတွေ လုပ်ဆောင်နေခဲ့တာပါ။

ဒါပေမယ့် အခုနောက်ပိုင်းကာလမှာတော့ ဘားအံမြို့ပေါ်က အမှတ် ၁ ရပ်ကွက်အပါအဝင် ရပ်ကွက် တချို့မှာ စစ်မှုထမ်းဆောင်ဖို့အတွက် မဲနှိုက်တာတွေ စတင်ပြုလုပ်လာပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်မှုထမ်းဆောင်ဖို့အတွက် မဲနှိုက်ပြီး မဲပေါက်ပါက စစ်မှုထမ်းသင်တန်း တက်ရောက်ရမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေအပေါ် စစ်မှုထမ်းစာရင်းဝင် လူငယ်တွေရဲ့ မိဘတွေက စိုးရိမ်ပူပန်နေကြတာတွေရှိနေသလို စစ်မှုထမ်းစာရင်းဝင်တဲ့ လူငယ်အချို့ဟာ တိမ်းရှောင်တာတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေဆီ ဝင်ရောက်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဘားအံမြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းတပ်သားသစ်တွေအတွက် ခေါ်ယူနေတာတွေကို ပြုလုပ်နေသလို လှိုင်းဘွဲမြို့ စတဲ့ အခြားမြို့တွေမှာလည်း စစ်မှုထမ်းဖို့အတွက် ငွေကြေးကောက်ခံယူပြီး လူအစားထိုး ခေါ်ဆောင်နေကြတာတွေ ဆက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒီလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ငွေကြေးကောက်ယူရာမှာလည်း စစ်မှုထမ်းစာရင်းဝင် လူငယ်ဦးရေများတဲ့ အိမ်တွေအပေါ် ငွေကြေးပိုမိုကောက်ခံနေပြီး လက်ရှိကောက်ခံနေတဲ့စာရင်းအရ တစ်အိမ်ကို ငွေကြေးအနည်းဆုံး ၁၀၀၀၀ ကနေ ၃၀၀၀၀ အထိ လတိုင်းလိုလို ပေးဆောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.