နေပြည်တော် ၊ ဧပြီ ၁၁

နိုင်ငံ့အာဏာကို သိမ်းယူပြီးချိန်ကတည်းက ရွေးကောက်ပွဲကျင်းပမယ်လို့ အမြဲတ‌စေကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေတဆင့် ကြေညာလာပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းအပါအဝင် ပါတီတွေပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းလုပ်ငန်းတွေကို မေ ၉ ရက်နေ့ နောက်ဆုံးထားလျှောက်ဖို့ သ တင်းထုတ်ပြန်တာပါ။

ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရေးနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်ဖို့ အချိန်လုံလောက်စွာ ရရှိစေဖို့အတွက် ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ပါတီမှတ်ပုံတင်ခွင့်ရပြီးဖြစ်ပေမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ရက်အတိအကျသိရမှာသာ တရားဝင်လှုပ်ရှားလို့ ရနိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က ပါတီတည်ထောင်ထားပြီးသားသူတွေတော့ ရွေးကောက်ပွဲကို ဘယ်နေ့လုပ်မယ် ဘယ်နေ့ မဲဆွယ်စည်းရုံးရေးလုပ်ရမယ်ဆိုတဲ့ စာအတိအကျပဲလိုချင်တာ။ စာအတိအကျ မရတဲ့အခါကျတော့ ဘယ်လိုအစည်းအဝေးတွေ ထိုင်ရမှန်းတောင် မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွေး ကောက်ပွဲ လုပ်မယ့်ရက်အပြင်ကို ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ သတ်မှတ်ဖို့လည်း ရှိသေးတယ်လေ။ အဲဒါတွေကို အပြည့်အစုံ ကျွန်တော်တို့ အတိအကျသိမှပဲ တရားဝင် လှုပ်ရှားလို့ရမယ်။ နောက် တရားဝင်လှုပ်ရှားဖို့ကလည်း ရက်တွေ မပေးသေးဘူး။ဒီဇင်ဘာတို့ ဇန်နဝါရီတို့ဆိုတာ အသံပဲကြားသေးတယ်။ တရားဝင်စာမလာသေးလို့ ကျွန်တော်တို့ ပြောရတာ နည်းနည်းလေး ဂွကျနေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ မပြဌာန်းရသေးပေမယ့် ရွေး ကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်ဖို့ ကော်မရှင် ဒု-ဥက္ကဌအဖြစ် ဦးသန်းစိုးကို ပြီးခဲ့တဲ့ရက်ပိုင်းက ခန့်အပ်တာဝန်ပေးထားတာပါ။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပမယ်လို့ တရား ဝင် ကြေညာထားတဲ့ စစ်‌ကောင်စီအနေနဲ့ လက်ရှိအချိန်ထိ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတာပါ။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီး တစ်ရက်တည်း ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘဲ လုံခြုံရေးအခြေအနေအရ နယ်မြေဒေသပေါ်မူတည်ပြီး အထွေထွေရွေးကောက်ပွဲတွေ အပိုင်းလိုက်ကျင်းပမယ့် သဘောဖြစ်ပါတယ်။

“လက်ရှိအခြေအနေကတော့ ကော်မရှင်တွေရဲ့ လှုပ်ရှားမှု တွေ့ရတယ်။ရွေးကောက်ပွဲကတော့ မဖြစ်မနေလုပ်မှာဗျ။ မဖြစ်မနေ လုပ်မယ်ဆိုတာက လုပ်လို့ရတဲ့မြို့နယ် သူလုပ်မှာပေါ့။ အခုခြေအနေက သူလုပ်လို့ရတဲ့ မြို့နယ်မှာ သူဒါကိုလုပ်ပြရမယ့် အခြေအနေဖြစ်နေပြီ” လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ရွေး‌ကောက်ပွဲကို အခုနှစ် ဒီဇင်ဘာတတိယပတ်ကနေ လာမယ့်နှစ် ဇန် နဝါရီ ဒုတိယပတ်အထိ တစ်လအတွင်း ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့နယ်တွေမှာ ကျင်းပပြီးစီးဖို့ လျာထားတာ ဖြစ်ပါတယ်။

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ၁ နှစ် ကြေညာခဲ့ပြီး နောက်ထပ် ၆ လ သက်တမ်းကို အကြိမ်ကြိမ်တိုးယူထားတာဟာ လူထုတစ်ရပ်လုံးကို စစ်အုပ်ချုပ်ရေးအောက်သွတ်သွင်းခဲ့တာ လေးနှစ်ကျော်လာခဲ့ပါပြီ။

အာဏာသိမ်းမှုအတွင်း ကဏ္ဍပေါင်းစုံ ပျက်စီးယိုယွင်းပြီး ချွတ်ခြုံကျနေတဲ့အခြေအနေမှာ ပြင်းပြင်း ထန်ထန် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဗဟိုအာဏာစက်ချုပ်ကိုင်ရာ နေပြည်တော်အပါအဝင် နိုင်ငံ့အလယ်ပိုင်းမှာ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးကို အာရုံစိုက်ရမယ့်အစား ရွေးကောက်ပွဲကျင်းပဖို့ နောက်မဆုတ်တဲ့အပြင် လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုပါ လုပ်ဆောင်လာတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေတာပါ။

“လက်ရှိမှာ ငလျင်ဘေးကို အဓိကကယ်ဆယ်ရေးတွေ လုပ်ရမှာဗျ။ အခုက ငလျင်ဘေးကို သူက အဓိက မလုပ်ဘဲနဲ့ သူတို့ အပစ်ရပ်တယ်ဆိုပြီး အပစ်ကလည်း မရပ်။ အခု ရွေးကောက်ပွဲကလည်း (ပါတီတည် ထောင်ခွင့်လျှောက်ခြင်း) ဘယ်နေ့ဆက်လုပ်မယ်ဆိုပြီး ထပ်ကြေညာဆိုတော့ လုပ်သင့်တာကို မလုပ်ဘဲနဲ့ မလုပ်သင့်တာကို လုပ်နေတယ်လို့ပဲ မြင်တယ်ခင်ဗျ” လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ထောက်ပြပါတယ်။

တစ်ဘက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဧပြီ ၉ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးကြိုးပမ်းမှုတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလကို ကြေညာပြီးနောက်ပိုင်း အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ တရားဝင်အနေနဲ့ ဖြစ်ပေါ်လာတာပါ။

လေ့လာသူတွေကတော့ နာဂစ်မုန်တိုင်းကို အကြောင်းပြုလို့ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့သာဓက ရှိခဲ့တဲ့အတွက် အခုအခြေအနေမှာလည်း စစ်ကောင်စီက ငလျင်အ ကြောင်းပြုပြီး အခွင့်ကောင်းယူမှာပဲလို့ သုံးသပ်ကြပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ရွေးကောက်ပွဲ ပြီးစီးခဲ့ရင် နိုင်ငံတကာစာမျက်နှာမှာ အတိုင်းအတာတစ်ခုအထိ စစ်အုပ်စုက တရားဝင်မှုရှိလာမှာဖြစ်လို့ ဘက် စုံဆန့်ကျင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း မြန်မာပြည်အလယ်ပိုင်းကို ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် တော်လှန်ရေးတပ်အသီးသီးက မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်ဖို့ ရှိပြီး ရွေးကောက်ပွဲအပေါ် သက်ရောက်မယ်လို့ ဆိုပါတယ်။

“အခုအချိန်အထိ မြန်မာပြည်အလယ်ပိုင်းမှာ စစ်အုပ်စုက အပြည့်အဝထိန်းချုပ်ထားတဲ့ ဒေသတွေ အများအပြား ရှိသေးတယ်။ ဒီလို ဒေသတွေကို တော်လှန်ရေးတပ်တွေက ထိုးဖောက်ဝင်ရောက် နေရာယူလာနိုင်တာနဲ့အမျှ စစ်လှုပ်ရှားလာနိုင်တာနဲ့အမျှ ရွေးကောက်ပွဲလုပ်နိုင်တဲ့ နေရာတွေဟာ ကျဉ်းမြောင်းလာလိမ့်မယ်။ စစ်အုပ်စုဘက်ကကြည့်ရင် သူတို့အဖို့ လုံခြုံရေးအာမခံချက် အပြည့်အဝမရှိတဲ့နေရာမှာ ရွေးကောက်ပွဲလုပ်ဖို့ အင်မတန်ခက်ပါတယ်။ ဒါဟာ စစ်ရေးအရ ရွေးကောက်ပွဲအပေါ် တိုက်ရိုက်သက်ရောက်မယ့် သက်ရောက်မှုပဲ” လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေ အသုံးပြုမှာဖြစ်လို့ အချိန်တိုအတွင်း မဲရလဒ်တွေ ရရှိမှာဖြစ်တဲ့အတွက် တစ်လအတွင်း ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့ နယ်တွေမှာ ပြီးမြောက်နိုင်မယ်လို့ တွက်ဆထားတာပါ။

ရွေးကောက်ပွဲစနစ်ကိုတော့ မဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့မှာ အချိုးကျကိုယ်စားပြု PR စနစ်ကိုပါ ပေါင်းစပ်ကျင့်သုံးဖို့ လျာထားပြီး လောလောဆယ်မှာ အတည်ပြုကြေညာတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.