ဘေဂျင်း၊ ဧပြီ ၁၀
တရုတ်က လက်စားပြန်ချေတဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန် ၈၄ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ကြောင်း ဧပြီ ၉ ရက်မှာကြေညာလိုက်တာကြောင့် သမ္မတ ဒေါ်နယ် ထရန့် စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပိုမြင့်လာပြီး ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေမှာ စိုးရိမ် ထိတ်လန့်မှုတွေ ပိုများလာခဲ့ပါတယ်။
တရုတ်ဆီက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်း ကောက်ခံတာ အပါအဝင် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဒါဇင်ပေါင်းများစွာ အပေါ် ပြဌာန်းတဲ့ သမ္မတ ထရန့်ရဲ့ အခွန် ပြဌာန်းမှုဟာ ဧပြီ ၉ ရက် စောစောပိုင်းမှာ စတင် အသက်ဝင်လာခဲ့ပါတယ်။

ကနဦးမှာ ဘေဂျင်းက အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန် ၃၄ ရာခိုင်နှုန်း ကောက်ခံဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ထရန့်က တရုတ် ကုန်စည်တွေအပေါ် အခွန် ထပ်တိုး ပြဌာန်းလိုက်တာကြောင့် တရုတ် ဘဏ္ဍာရေးဝန်ကြီးက ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားမယ်လို့ ကြေညာပါတယ်။
ထရန့်က တရုတ်အပေါ် အခွန် တိုးမြှင့် ကောက်ခံတာဟာ အမှားတွေ လုပ်ရင်း ထပ်မှားတဲ့ လုပ်ရပ် ဖြစ်ပြီး တရုတ်ရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အနေနဲ့ အခွန်ပြဌာန်းမှုအားလုံးကို ချက်ချင်း ရုပ်သိမ်းပေးဖို့ တရုတ်က တောင်းဆိုပြီး သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေး အဖြေရှာဖို့ အကြံပြုထားပါတယ်။

အမေရိကန်ရဲ့ အကြပ်ကိုင်တဲ့ လုပ်ရပ်အတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဘေဂျင်းက ဧပြီ ၈ ရက်မှာ ကြွေးကြော်ခဲ့တာပါ။
ထရန့်က တရုတ်ရဲ့ လက်စားချေမှုနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပေမယ့် ကုမ္ပဏီတွေအနေနဲ့ အခွန်တွေကို ရှောင်ရှားနိုင်ဖို့ အမေရိကန်ဆီ ပြောင်းရွှေ့လာကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့တရုတ်တို့ဟာ သဘောထားကွဲလွဲမှုတွေကို တန်းတူ ညှိနှိုင်းဆွေးနွေးမှုကတဆင့် ဖြေရှင်းသင့်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဘေဂျင်းအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပိုမြင့်လာမှာကို တရုတ်နိုင်ငံသားတွေ စိုးရိမ်နေကြသလို အမေရိကန်ရှိ စားသုံးသူတွေလည်း ကုန်စျေးနှုန်း မြင့်တက်လာမှုနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
Ref:Reuters/CNA