မော်လမြိုင် ၊ ဧပြီ ၉

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးနဲ့ တပ်စခန်းတွေ စိုးမိုးမှုအားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လက်နက်ကိုင်တပ်တွေရဲ့ ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ပွဲတွေ ဒီကနေ့အချိန်အထိ အသံတိတ်နေဆဲဖြစ်ပါတယ်။

မတ်လအတွင်း မွန်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေဟာ တည်ငြိမ်နေပြီး မွန်လက်နက်ကိုင်တပ်တွေကတော့ အင်အားစုဖွဲ့မှုကြိုးပမ်းချက်ကလွဲရင် စစ်ဆင်ရေးတွေ ရပ်တန့်နေတယ်လို့ ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန RICE က ဆိုပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မွန်လက်နက်ကိုင်တပ်တွေဟာ တပ်သားသစ်ဖိတ်ခေါ်တာနဲ့ စစ် သင်တန်းပေးတာတွေကို အာရုံစိုက်နေပုံရတယ်လို့ RICE ရဲ့ အပတ်စဉ်သုံးသပ်ချက်အစီရင်ခံစာက ဖော်ပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက မွန်လက်နက်ကိုင်တပ်တွေအနေနဲ့ ခေါဇာတိုက်ပွဲအပြီး ဇန်နဝါရီနှောင်းပိုင်းကစပြီး ဒေသတွင်းတိုက်ပွဲတွေ ဖော်ဆောင်မှုမရှိသလောက်ဖြစ်ခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့ စုပေါင်းဦးဆောင်မှုနဲ့ တပ်ဖွဲ့တွေကို စုစည်းဖို့ လိုအပ်သလို လက်နက်လူသူအင်အားအပြင် စစ်ရေးဗျူဟာကျွမ်းကျင်သူတွေ လိုအပ် ချက်ကြောင့်လို့ ဆိုပါတယ်။

“တပ်တွေ ပူးပေါင်းဆောင်ရွက်မှုက အားနည်းနေတယ်။ အတွေ့အကြုံရှိတဲ့ တပ်မှူးတွေ နည်းတယ်။ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ မလုံလောက်ဘူး။ ရန်သူဘက်ကလည်း အင်အားတွေ မတရားဖြည့်တင်းလာတယ်။၂၀၂၃-၂၀၂၄ နဲ့စာရင် (အခုနှစ်က) ရန်သူရဲ့ အင်အားဟာ အတော်လေးကို များလာတယ်လို့ ပြောရမယ်။ သူတို့ရဲ့ ဗျူဟာကလည်း ပြောင်းလဲလာတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အရင်လိုမျိုး တပ်တွင်းဘန်ကာတွေမှာ ခံစစ်အသွင် ခုခံကာကွယ်ဖို့ မဟုတ်တော့ဘဲ အခုချိန်မှာ တပ်ပြင်ထွက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်လာနိုင်ပြီလို့ သူက ထောက်ပြပါတယ်။

RICE ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ မတ်လအတွင်း ကျိုက်ထို၊ ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာသာ တော် လှန်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှု လေးကြိမ်ရှိခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု ပိုများနေတာပါ။

တော်လှန်‌ရေးအဖွဲ့တွေ ရှိတဲ့နေရာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ကင်းထောက်တာ၊ဗုံးကြဲတာတွေ ခပ်စိပ်စိပ် ပြုလုပ်ခဲ့ပြီး မတ်လအတွင်း ကျိုက်ထို၊ဘီးလင်းနဲ့ရေးမြို့နယ်တို့မှာ ဒရုန်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ရှိခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဟာ လေးနှစ်ကျော်လာခဲ့ပြီး နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်း ချုပ်ထားတာပါ။

တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး ပထမအဆင့်အနေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ မွန်လက်နက်ကိုင်တပ်လေးတပ်ကနေ ပူးပေါင်းထားတဲ့ ရာမညစစ်ကြောင်းကတော့ တိုက် ပွဲဖော်ဆောင်တာ မတွေ့ရသေးပါဘူး။

ရာမညစစ်ကြောင်းအနေနဲ့ မုတ်သုံရာသီမတိုင်မီ ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီအခြေစိုက်စခန်း၊ လက်နက်ကြီးတပ်နဲ့ စစ်မှုထမ်းလေ့ကျင့်ရေးစခန်းတွေကို ထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ဗျူဟာ‌မြောက်စစ်ဆင်ရေးလုပ်နိုင်ဖို့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အချိန်ယူရတာဖြစ်လို့ အခုချိန်မှာအသင့်ရှိတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“အခုချိန်မှာ ရာမညပူးတွဲစစ်ကြောင်းစစ်ရေးဆိုင်ရာပြင်ဆင်မှုတွေ ပြီးမြောက်ခဲ့ပြီမို့ စစ်ကြောင်းရဲ့ စစ်ရေးပန်းတိုင်ဖြစ်တဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ အချိန်မရွေး ပြုလုပ်နိုင်ဖို့ အသင့်အနေအ ထားမှာ ရှိနေတယ်လို့ပဲ ပြောနိုင်ပါတယ်”လို့ ဆိုပါတယ်။

ပူးတွဲစစ်ကြောင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ မွန်နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း မတ် ၃၀ ရက်နေ့က ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းဖို့ သဘောတူခဲ့ကြပါတယ်။

လက်ရှိမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ သုံးခုရှိပြီး အဲဒီတပ်တွေအားလုံးဟာ ရေးဖြူမြို့နယ်အပါအဝင် ရေးတောင်ပိုင်းနဲ့ မြောက်ပိုင်းအပြင် သံဖြူဇရပ်တောင်ပိုင်းအထိ စုစည်းမှုတွေ ရှိလာတာပါ။

အဲဒီလို ပူးပေါင်းလိုက်နိုင်တာဟာ လူအင်အား၊လက်နက်အင်အား စတဲ့အရင်းအမြစ်တွေကို ပိုများစေကာ စစ်ဆင်ရေးအရ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာစေပြီး နိုင်ငံရေးအရ ပိုမိုတည်ငြိမ်လာစေတယ်လို့ RICE က သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP-AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.