မော်လမြိုင် ၊ ဧပြီ ၁၀

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပသွားဖို့ ပြည်နယ်စစ်ကောင်စီဘက်က ပြင်ဆင်တည်ဆောက်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို စည်းကားအောင်လုပ်ဖို့အတွက် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်တွေ ဆောက်လုပ်နေချိန် ငလျင်ဘေးဒဏ်ကြောင့် ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက် မဏ္ဍပ်ဆောက်လုပ်မှုတွေကို ရပ်နားခဲ့တာပါ။

လက်ရှိမှာတော့ အသစ်‌ဖော်ဆောင်နေတဲ့ မော်လမြိုင် ကမ်းနားလမ်း မြစ်ကန်သာအပန်းဖြေနေရာမှာ လမ်းလျှောက်သင်္ကြန်အပြင် စတုဒီသာကျွေးမွေးဖို့အတွက်ပါ ပြင်ဆင်မှုတွေ ဆက်တိုက်လုပ် ဆောင်နေပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက ပြည်နယ်စစ်ကောင်စီအနေနဲ့ မဏ္ဍပ်တွေ ဖျက်မယ်ပြောပြီး လမ်းလျှောက်သင်္ကြန်လုပ်ဖို့ ပြင်ဆင်တာဟာ တိုင်းပြည်က ပြည်သူတွေ အတိဒုက္ခတွေ့နေတာကြောင့် မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“အခုဆိုရင် သင်္ကြန်မဏ္ဍပ်ကို သူဖျက်မယ် ပြောပြီးတော့ လမ်းလျှောက် သင်္ကြန် လုပ်ပြီးတော့ မြေမှာ ရေတိုင်ကီတွေ ချနေတယ်။ ပြန်ပြီးတော့ ရေပက်မယ့်သဘောဆိုတော့ ဒါကတော့ မလုပ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်းပြည်မှာ လူတွေအတိဒုက္ခရောက်ပြီးတော့ သေတဲ့သူကသေ ကျန်တဲ့သူကကျန် ဒုက္ခိတဖြစ်တဲ့သူကဖြစ် အငတ်ဘေးနဲ့ ကြုံတဲ့သူကကြုံ စစ်ဘေးဒဏ်ကလည်း ရှိသေးတယ်။ အဲဒီလိုဒုက္ခခံစားနေရတဲ့ဟာတွေကို ဒါမျိုးလေးတွေ စာနာစိတ်နဲ့ ကိုယ်ချင်းစာပြီး ကြည့်တတ်မယ်ဆိုရင်တော့လည်း ဒါမလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်လို့တော့ ကျွန်တော်တို့က မြင်တာပေါ့နော်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လမ်းလျှောက် သင်္ကြန်ပွဲတော်ကို လူအများကြီးနဲ့ ပျော်ပွဲရွှင်ပွဲပုံစံ ပြုလုပ်ဖို့ ပြင်ဆင်တာဟာ ဒီကာလမှာ မဖြစ်သင့်သလို ငလျင်ဘေးသင့်ဒေသက ပြည်သူတွေအတွက် လူသားချင်း စာနာမှုတရား ထားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီဟာ ကနဦးမှာ လာမယ့်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် လုပ်ငန်းကော်မတီ ၁၅ ခု ဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် အခုနှစ် မ ဟာသင်္ကြန်ကို အပျော်အပါး၊ သီဆိုကခုန်မှုတွေ မပါဝင်တဲ့ အေးချမ်းတဲ့ သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.