ဆန်တိုဒိုမင်ဂို၊ ဧပြီ ၉

ဒိုမီနီကန်ပြည်ထောင်စု မြို့တော် ဆန်တို ဒိုမင်ဂိုမှာရှိတဲ့ နိုက်ကလပ် တစ်ခုရဲ့ ခေါင်မိုး ပြိုကျမှုကြောင့် လူ ၉၈ ဦးထက်မနည်း သေဆုံးပြီး လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ မေဂျာလိဂ် ဘေ့စ်ဘော ကစားသမားဟောင်း အိုတာဗီယို ဒိုတယ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဂျက်ဆတ် နိုက်ကလပ်မှာ နာမည်ကြီး အဆိုတော် ရူဘီ ပီးရက်ဇ် သီဆို ဖျော်ဖြေနေချိန် ဧပြီ ၈ ရက် မနက်စောစောပိုင်းက နိုက်ကလပ် ခေါင်မိုး ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ရူဘီဟာ အသက်မသေဘဲ အပျက်အစီးတွေကြားထဲ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နိုက်ကလပ်ထဲမှာ လူရာပေါင်းများစွာ ရှိနေခဲ့ပြီး ကယ်ဆယ်ရေး သမား ၄၀၀ ကျော်က အသက်ရှင်ကျန်သူတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အရေးပေါ်စစ်ဆင်ရေးရာ ညွှန်ကြားရေးမှူး ဟွန် မန်နူရယ် မန်ဒက်ဇ်က ပြိုကျသွားတဲ့ အဆောက်အဦအောက်မှာ ပိတ်မိနေသူတွေ အများကြီး အသက်ရှင်လျက်ရှိနေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

ဂျက်ဆတ် နိုက်ကလပ်ဟာ ဆန်တို ဒိုမင်ဂိုမြို့မှာ လူကြိုက်များတဲ့ နိုက်ကလပ် ဖြစ်ပြီး တနင်္လာနေ့ ညတိုင်းလိုလို ဂီတဖျော်ဖြေပွဲတွေ ကျင်းပလေ့ ရှိပါတယ်။

နိုင်ငံရေးသမားတွေ အားကစားအကျော်အမော်တွေနဲ့ တခြား ထင်ရှား ကျော်ကြားသူတွေလည်း အဲဒီ နိုက်ကလပ်ကို လာရောက်လေ့ ရှိပါတယ်။

သေဆုံးသူတွေထဲမှာ မွန်တီ ခရစ္စတီပြည်နယ် အုပ်ချုပ်ရေးမှူး နယ်လ်ဆီ ခရု့ဇ်လည်း ပါဝင်တယ်လို့ သမ္မတ လူးဝစ်ဇ် အဘီနာဒါက ပြောပါတယ်။

အဲဒီ နိုက်ကလပ် ပြိုကျမှုဟာ မနက် ၁ နာရီကျော်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရူဘီ ပီးရက်ဇ်ရဲ့ တီးဝိုင်းအဖွဲ့သား တစ်ဦးက ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.