ဘေဂျင်း၊ ဧပြီ ၈

ဘေဂျင်းရဲ့ လက်စားချေတဲ့ အခွန်တိုးကောက်မှုတွေကို ပြန်မရုပ်သိမ်းဘူးဆိုရင် အခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပြီးနောက် တရုတ်က ဧပြီ ၈ ရက်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ အကြပ်ကိုင်တဲ့ သဘောသဘာဝကို မိမိတို့ လုံးဝ လက်ခံမှာ မဟုတ်ဘဲ အဆုံးအထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ တရုတ် စီးပွားရေးဝန်ကြီးက ပြောပါတယ်။

ဒီလို လိပ်ခဲတည်းလည်း အခြေအနေကြောင့် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား အင်အားကုန် ထုတ်သုံးတဲ့ ကုန်သွယ်ရေး စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အခွန်အသစ်တွေကြောင့် တရုတ်ဆီက ကုန်စည် တချို့ တင်သွင်းမယ့် အမေရိကန်ကုမ္ပဏီတွေဟာ အခွန် ၁၀၄ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဧပြီ ၈ ရက် ဈေးကွက် ဖွင့်ချိန်မှာ အာရှ စတော့ရှယ်ယာ ဈေးနှုန်း အများစု မြင့်မားခဲ့ပေမယ့် ထိုင်ဝမ် စတော့ရှယ်ယာ ဈေးနှုန်း ၄ ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ပါတယ်။

လန်ဒန်ရှိ FTSE 100 အပါအဝင် ဥရောပရဲ့ အကြီးမားဆုံး စတော့ရှယ်ယာ ဈေးကွက်တွေဟာ ဧပြီ ၇ ရက်မှာ ဈေးနှုန်း ၄ ရာခိုင်နှုန်း လျှော့ပြီး ပိတ်သိမ်းခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ နေထိုင်စားသောက်မှုစရိတ်ဟာ တချို့ လူတွေအတွက် ပြဿနာ ဖြစ်လာပြီး စီးပွားရေး ဆုတ်ယုတ်မှာကို လူအများ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံသား သုံးပုံနှစ်ပုံက အမေရိကန်ရဲ့ အခွန်တွေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပြီး နေထိုင်စားသောက်မှု ကုန်ကျစရိတ် ဖိအား ပိုများလာမှာကို စိုးရိမ်နေကြကြောင်း လတ်တလော စစ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။

တရုတ်ကတော့ ထရန့်ရဲ့ အခွန် တိုးမြှင့်ကောက်ခံမှုကို ကြံ့ကြံ့ခံပြီး အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

အမေရိကန်က အခုလျှောက်နေတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် မိမိတို့အနေနဲ့ အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ တရုတ် စီးပွားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်တွေဟာ တစ်ဖက်သတ် အဓိပ္ပါယ်မဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

တရုတ်အနေနဲ့ အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်စွမ်း အပြည့်အဝ ရှိပြီး ရိုက်ခတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ သတ္တိနဲ့ ယုံကြည်မှု အပြည့်ရှိတယ်လို့ ကွန်မြူနစ်ပါတီက တရုတ်ပြည်သူတွေကို အသိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.