ဝါရှင်တန် ဧပြီ ၃

ပြည်တွင်းစစ်နဲ့ ငလျင်ဘေးဘဏ်သင့်နေတဲ့ မြန်မာနိုင်ငံကနေ ပို့လာတဲ့ ထုတ်ကုန်တွေပေါ် အခွန် ၄၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ကို ပစ်မှတ်ထားပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီစာရင်းထဲမှာ အရှေ့တောင် အာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတချို့နဲ့ အာဖရိကနိုင်ငံ တော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။

ဆယ်စုနှစ်နဲ့ချီရှိခဲ့တဲ့ အမေရိကန်ကုန်သွယ်ရေးမူဝါဒကို ပြောင်းပြန်လှန်ပြီး ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲတစ်ခုကို စတင်ဖို့ ခြိမ်းခြောက်လိုက်တဲ့အနေနဲ့ သမ္မတ ထရန့်က အမေရိကန်စီးပွားရေး အလိမ်ခံနေရတာကို ရပ်တန့်နိုင်ဖို့ ရည်ရွယ်တဲ့ အခွန်ပြဌာန်းမှုအသစ်တွေကို ဧပြီ ၂ ရက်နေ့မှာ ကြေညာထုတ်ပြန်ထားတာပါ။

သမ္မတ ထရန့်က “ကျနော့်အမြင်အရကတော့ အမေရိကန်သမိုင်းမှာ ဒီနေ့ဟာ အရေးအကြီးဆုံး နေ့တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စီးပွားရေးရာ လွတ်လပ်ခွင့် ကြေညာတဲ့နေ့လည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုအချိန်အခိုက်အတန့်ကို အမေရိကန်သမ္မတက “လွတ်မြောက်ရေးနေ့” လို့ သုံးနှုန်းပေမယ့် အခုအခွန်ပြဌာန်းမှုတွေက ကမ္ဘာအင်အားအနည်းဆုံး စီးပွားရေးနိုင်ငံတချို့ရဲ့ ကျယ်လောင်တဲ့ ဆန္ဒပြတုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်နိုင်ရချေရှိတယ်လို့ ဆိုပါတယ်။

အခု အသစ်ပြဌာန်းလိုက်တဲ့ အခွန်နှုန်းထားတွေထဲမှာ မကြာသေးခင်ကမှ ဖျက်အားပြင်း ငလျင်ဒဏ်ခံထားရတဲ့ မြန်မာနိုင်ငံက ပို့ကုန်တွေအ‌ပေါ် အခွန် ၄၄ ရာခိုင်နှုန်း သတ်မှတ်ထားတာ တွေ့ရပါတယ်။ အာရှရဲ့ တက်သစ်စ စီးပွားရေးနိုင်ငံ ဗီယက်နမ်ရဲ့ ပို့ကုန်တွေအပေါ်ကိုတော့ အခွန် ၄၆ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသရဲ့ အကြီးမားဆုံး စီးပွားရေးနိုင်ငံ အင်ဒိုနီးရားအပေါ်ကို အခွန် ၃၂ ရာခိုင်နှုန်း ပြဌာန်းသလို ဒုတိယအကြီးမားဆုံး ထိုင်းနိုင်ငံအပေါ်ကိုလည်း ၃၆ ရာခိုင်နှုန်း သတ်မှတ်လိုက်တာပါ။

အမေရိကန်ရဲ့ အဓိကပြိုင်ဘက်နဲ့ ကုန်သွယ်မိတ်ဆက် တရုတ်အပေါ်ကိုတော့ အပြန်အလှန်အခွန်အနေနဲ့ ၃၄ ရာခိုင်နှုန်းပြဌာန်းတာကြောင့် စုစုပေါင်း အသစ်တိုးမြှင့်ထားတဲ့အခွန်နှုန်းထားက ၅၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Ref:theguardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.