မော်စကို၊ ဧပြီ ၂

စစ်အင်အား တိုးချဲ့ရေး ကြိုးပမ်းနေချိန် ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ရုရှားစစ်သားသစ် ခေါ်ယူမှုအဖြစ် အသက် ၁၈ နဲ့ ၃၀ နှစ်ကြား အမျိုးသား ၁၆၀၀၀၀ ကို သမ္မတ ဗလာဒီမာ ပူတင်က ခေါ်ယူလိုက်ပါတယ်။

မိမိတို့ စစ်တပ်ရဲ့ အလုံးစုံအင်အားကို ၂ ဒသမ ၃၉ သန်း နီးပါးအထိ၊ တန်းပြည့် စစ်မှုထမ်း အရေအတွက်ကို ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်သင့်တယ်လို့ သမ္မတ ပူတင်က ပြောကြားထားပြီး ဒါဟာ လများစွာ အကြာမှာ တစ်နှစ် စစ်မှုထမ်းဖို့ အတွက် ခေါ်ယူလာတာဖြစ်ပါတယ်။

လာမယ့်နှစ်တွေမှာ တစ်နှစ် စစ်မှုထမ်းရမယ့် အမျိုးသား အရေအတွက် ၁၈၀၀၀၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။

တပ်သားသစ်အဖြစ် ခေါ်ယူထားသူတွေကို ယူကရိန်းမှာ တိုက်ခိုက်ဖို့ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ ရေတပ် လက်ထောက် ဗိုလ်ချုပ် ဗလာဒီမာ တီစီလန်စကီးက ပြောပါတယ်။

ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု စောစောပိုင်း ကာလတွေမှာ ရုရှားက တပ်သားသစ်တွေကို တိုက်ပွဲဝင်ဖို့ စေလွှတ်ခဲ့တာကြောင့် ယူကရိန်း နယ်စပ်အနီးမှာ တပ်ဖွဲ့ဝင်အသစ်တွေ ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီနဲ့ ဇူလိုင်လကြား ခေါ်ယူသွားမယ့် တပ်ဖွဲ့ဝင်အသစ်ခေါ်ယူမှုဟာ အမေရိကန်က အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ တွန်းအားပေးနေချိန်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အပစ်ရပ်ဖို့ ကြိုးပမ်းနေချိန်မှာလည်း တိုက်ခိုက်မှုတွေ ရပ်မသွားသေးဘဲ ရုရှားက တောင်ပိုင်းမြို့ ခါဆွန်စီးတီးရှိ ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၄၅၀၀၀ လျှပ်စစ်မီးမရ ဖြစ်သွားခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

အမေရိကန်ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပြည့်အဝ အပစ်အခတ် ရပ်စဲရေးကို ရုရှားက လက်မခံပေမယ့် ယူကရိန်း စွမ်းအင်အဆောက်အဦတွေကို တိုက်ခိုက်မှု ရပ်တန့်ဖို့ သဘောတူထားပါတယ်။

ဒါပေမယ့် ယူကရိန်း ဒရုန်းတွေရဲ့ တိုက်ခိုက်မှု ခေတ္တရပ်တန့်မှုတောင် မရှိဘူးလို့ ရုရှား အရာရှိတွေက ပြောပါတယ်။

ရုရှားက တပ်သားသစ် ခေါ်ယူမှုတွေကို နွေဦးနဲ့ဆောင်းဦးမှာ ပြုလုပ်လေ့ရှိပေမယ့် အခု နောက်ဆုံး နွေဦးရာသီမှာ ခေါ်ယူတဲ့ အင်အား ၁၆၀၀၀၀ ဟာ ၂၀၂၄ ခုနှစ် အလားတူ ကာလမှာ ခေါ်ယူခဲ့တဲ့ အင်အားထက် အများကြီး ပိုပါတယ်။

အရင်က တပ်သားသစ်ခေါ်ယူမှုတွေမှာ အသက် ၂၇ နှစ်အထိ အကြီးဆုံး အရွယ် သတ်မှတ်ခေါ်ယူခဲ့ပေမယ့် အခုတော့ အသက် ၃၀ အရွယ်တွေ အထိ ခေါ်ယူနေတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.