မန္တလေး၊ ဧပြီ ၁
မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဧပြီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုအကျဉ်း ထောင်အတွင်းရှိ အကျဉ်းဆောင်တွေနဲ့ အဆောက်အဦးအချို့ ပြိုကျပျက်စီးခဲ့တဲ့အတွက် သေဆုံးမှုတွေ ရှိခဲ့တာပါ။
PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းက သေဆုံးသူတွေဟာ အကျဉ်းသားတွေလား ဒါမှမဟုတ် ထောင်ဝန်ထမ်းတွေလားဆိုတာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ငလျင်ကြောင့် အကျဉ်းသားထားရှိတဲ့အဆောင်၊ အကျဉ်းသူတွေထားရှိတဲ့ အဆောင်နဲ့ အကျဉ်း ထောင်အုတ်ရိုးတွေ ပြိုကျတာတွေရှိခဲ့ပြီးနောက် အကျဉ်းသားတွေရဲ့နေထိုင်စားသောက်ရေး၊ သောက်သုံးရေ ရရှိရေး ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
PPNM ရဲ့ အချက်အလက်တွေအရ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်သားတွေအပါအဝင် အကျဉ်းသူ၊အကျဉ်းသား ၅၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ နိုင်ငံတဝန်းမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော် ရှိပြီး ဒဏ်ရာရသူ ၄၀၀၀ နီးပါး ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media