ဘာလင်၊ ဧပြီ ၁

ကြွေးမြီနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကနေ ကာကွယ်ရေး အသုံးစရိတ်ကို လွှတ်တော်က ကင်းလွတ်ခွင့် ပြုလိုက်ပြီးနောက် ဂျာမနီ စစ်တပ် ဘွန်ဒက်စ်ဗန်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား တိုးမြှင့်ရေး အားလုံး လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

ရုရှားရဲ့ ရန်စတိုက်ခိုက်မှုဟာ ယူကရိန်းမှာပဲ ရပ်တန့်သွားမှာ မဟုတ်တဲ့ အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေး အရေးတကြီး လိုအပ်တယ်လို့ ဂျာမနီ ဗိုလ်ချုပ် ကာစတန် ဘရူဝါက ပြောပါတယ်။

မိမိတို့ကို ရုရှားက ခြိမ်းခြောက်နေသလို ပူတင်ကလည်း ခြိမ်းခြောက်နေတာကြောင့် တားဆီးကာကွယ်ဖို့ လိုအပ်တယ်လို့ ဂျာမနီ ထိပ်တန်း ဗိုလ်ချုပ်က ပြောလာတာပါ။

နေတိုးအဖွဲ့ အနေနဲ့ လေးနှစ် မပြည့်ခင် အချိန်အတွင်း တိုက်ခိုက်ခံရနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း သူက သတိပေးထားပါတယ်။

ဥရောပမှာ အတိတ်က ရန်လို တိုက်ခိုက်တတ်တဲ့နိုင်ငံ အဖြစ် ဂျာမနီကို ရှုမြင်ခဲ့ကြတာကြောင့် ဂျာမန်ပြည်သူတွေက စစ်အင်အား တိုးချဲ့ရေးနဲ့ ပတ်သက်လို့ ဆန့်ကျင်လာခဲ့ကြတာ ဆယ်စုနှစ် လေးစု ကြာခဲ့ပြီဖြစ်ပါတယ်။

ဂျာမနီဟာ ကမ္ဘာစစ်နှစ်ခုကို စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် နှစ်ပေါင်း ၈၀ ကြာညောင်းခဲ့ပေမယ့်လည်း ဂျာမနီအနေနဲ့ စစ်ပွဲတွေမှာ မပါဝင်သင့်ဘူးဆိုတဲ့ ခံယူချက်က ဂျာမနီနိုင်ငံသား အများရဲ့ စိတ်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဂျာမန်စစ်တပ်ဟာ အဘက်ဘက်က အားနည်းနေတာကြောင့် ကာကွယ်ရေး အသုံးစရိတ် ယူရို ၁၀၀ ဘီလီယံ သုံးစွဲရင်တောင် လုံလောက်ဦးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် ကာစတန် ဘရူဝါက ပြောပါတယ်။

YouGov ရဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပူတင်ဟာ ဥရောပအတွက် အရမ်းအန္တရာယ်ရှိသူ ဖြစ်ကြောင်း ဂျာမနီနိုင်ငံသား ၇၉ ရာခိုင်နှုန်းက ရှုမြင်ကြကြောင်း သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာလည်း ဥရောပအတွက် အရမ်း အန္တရာယ်ရှိသူ ဖြစ်တယ်လို့ ရှုမြင်တဲ့ ဂျာမနီနိုင်ငံသား ၇၄ ရာခိုင်နှုန်း ရှိပါတယ်။

ဂျာမနီအနေနဲ့ ကိုယ်ကိုယ်ကို ကာကွယ်ဖို့နဲ့ ဥရောပအရှေ့ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အသစ် ၄၆၀၀၀၀ လိုအပ်နေတယ်လို့ ဂျာမနီ ဗိုလ်ချုပ်ကြီးက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.