မော်လမြိုင် ဧပြီ ၁
လက်ရှိ မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်သင့်နေချိန် စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ထားတဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ချက်ချင်း ရုပ်သိမ်းဖယ်ရှားပေးဖို့ မြန်မာအင်တာနက်ပရောဂျက် အပါအဝင် အဖွဲ့အစည်း ၁၂၀ က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
မတ် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ တောင်းဆိုချက်ထဲမှာတော့ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီကြာတဲ့အထိ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ဆို့မှုနဲ့ ကန့်သတ်မှုတွေကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီး လှုတ်ခတ်မှု ဒဏ်ကို စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မှာ အဆိုးဝါးဆုံး ခံစားခဲ့ရပြီး မြို့နယ်ပေါင်း ၆၇ မြို့နယ်အထိ သက်ရောက်မှု ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
မတ် ၃၀ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိလာပြီး ဆက်လက်မြင့်တက်နေတဲ့အပြင် အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ ငလျင်ဘေးသင့်နေရာတွေမှာရှိတဲ့ အများပြည်သူအတွက် အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေ အမြန်လုံး လိုအပ်နေတာပါ။
အခုလိုမျိုး ဘေးဒဏ်သင့်နေချိန်မှာ အင်တာနက် ဆက်လက်ပိတ်ဆို့ထားမှုကြောင့် အများပြည်သူ အသက်ဆုံးရှုံးမှုနဲ့ နစ်နာမှုတွေ အားလုံးအတွက် စစ်ကောင်စီ တာဝန်ခံဖို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အချက်အလက်တွေအရ နိုင်ငံတဝန်းလုံးမှာ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၀၀ ခန့်ရှိပြီး အဲဒီအထဲမှာ ငလျင်ဘေးသင့်ခဲ့တဲ့ မြို့နယ်တွေ ပါဝင်နေတာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ အများပြည်သူ သတင်းရယူခွင့်ကို ကန့်သတ်မှုဖြစ်စေတဲ့ “Firewall” တွေကိုလည်း ဖယ်ရှားမှု မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေး ကွန်ရက် အခြေခံအဆောက်အအုံ ထိခိုက်မှုကြောင့်လည်း ဆက်သွယ်ရေး အခြေအနေ ဆိုးရွားစွာ ပြတ်တောက်မှုကို ပြည်သူတွေ ရင်ဆိုင်နေရတာပါ။
အာဏာသိမ်းကာလ ၄ နှစ်တာအတွင်း စစ်ကောင်စီက ဆက်သွယ်ရေးကဏ္ဍမှာ ဖိနှိပ်ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့လို့ လက်ရှိ ငလျင်ဘေးကြောင့် အခြေအနေအမှန်ကို အတိအကျ သိရှိနိုင်ခြင်း မရှိတော့ဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း ပိတ်ပင်ထားတဲ့ အင်တာနက်လိုင်းအပါအဝင် ဆက်သွယ်ရေးလိုင်းအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်ဖွင့်ပေးဖို့၊ Firewall တပ်ဆင်အသုံးပြုခြင်းအပါအဝင် အင်တာနက် ဆင်ဆာ ဖြတ်တောက်ဖို့ လုပ်ဆောင်ထားတာတွေကို ချက်ချင်း ခြွင်းချက်မရှိ ရပ်တန့်ပေးဖို့၊ မီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့် ကန့်သတ်ထားမှုတွေကို ချက်ချင်း ဖယ်ရှားပေးဖို့၊ အများပြည်သူ သတင်းအချက်အလက် ရယူရေးနဲ့ လိုအပ်တဲ့ အရေးပေါ် ကယ်ဆယ်မှုတွေကို တောင်းခံနိုင်ဖို့ အဟန့်အတားဖြစ်စေတဲ့ စစ်သားစုဆောင်းမှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ငလျင်ဘေးသင့်နေချိန် အင်တာနက်ပိတ်ဆို့မှုကြောင့် လူထုအသက်ဆုံးရှုံးရမှုနဲ့ နစ်နာမှုတွေအတွက် စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ခံဖို့ အချက်တွေကို တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့လည်း အင်တာနက် လွတ်လပ်စွာ အသုံးပြုနိုင်ရေး စစ်ကောင်စီကို ဖိအားပေးဖို့ အဲဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။
သံလွင်တိုင်းမ်