စစ်ကိုင်း၊ ဧပြီ ၁

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူဦးရေ ၂၄၁၈ ဦး ရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း နေပြည်တော်နဲ့ မန္တလေးမြို့ပေါ်ရှိ နေရာအချို့မှာသာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောက်ရွက်နိုင်တာကြောင့် ရှာဖွေကယ် ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်တဲ့ အခြားမြို့နယ်တွေလည်း ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ ပဲခူတိုင်းမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေမှာ ခွင့်ပြုချက်ရယူတာနဲ့ သွားရောက်ခွင့်မရရှိတာကြောင့် ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ အကူအညီမရရှိဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ပြီး နောက်ပိုင်း မန္တလေးတိုင်းရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကယ်တယ်ရေးလုပ်ငန်းမှာ လုံခြုံရေး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ NUG က ဆိုထားပါတယ်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်နေတာကြောင့် အိမ်ပြိုသွားသူတွေနဲ့ မပြိုဘဲ ကျန်နေသူတွေပါ လမ်းပေါ်နဲ့ ကွင်းပြင်မှာ အိပ်စက်နေရတာကြောင့် ယာယီတဲနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပြီး အခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း‌ ကြောင့် မိုးရွာသွန်းနိုင်တဲ့အတွက် ငလျင်ဒဏ်သင့် ပြည်သူတွေအနေနဲ့ ယာယီနေထိုင်ဖို့ နေရာအခက်အခဲ ပိုမိုကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၅၆ ဦး ရှိပြီး ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၃၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.