နေပြည်တော် ၊ ဧပြီ ၁

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ထိုးစစ်တွေကို ပြုလုပ်မှာမဟုတ်ဘဲ ဧပြီတစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

မတ် ၂၈ ရက်နေ့မှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတစ်ခုနဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအများအပြားမှာ လူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ ပြိုကျပျက်စီးခဲ့ရတာပါ။

ဒါ့အပြင် အိမ်မွေးတိရစ္ဆာန် လူနေအိမ် တိုက်တာ အဆောက်အအုံတွေ ဘုရားကျောင်းကန် စေတီပုထိုးတွေ ဗလီတွေ အပါအဝင် သာသနိကအဆောက်အအုံတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ညီနောင်သုံးဖွဲ့အနေနဲ့ ငလျင်နောက်ဆက်တွဲအခြေအနေတွေကို လေ့လာစောင့်ကြည့်ပြီးနောက် ငလျင်ဒဏ််သင့်မြို့တွေမှာ အရေးပေါ်ကယ်ဆယ်ရေး ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်းတွေ စိတ်လက်ကြည်သာစွာ လုပ်ကိုင်စေဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးတကြီးနဲ့ အရေးပေါ် ချက်ခြင်းလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အထူးလိုလားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ကြေညာချက် ထုတ်ပြန်ချိန်ကစပြီး ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တုံ့ပြန်မှုကလွဲလို့ မိမိတို့ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မှာ မဟုတ်ဘဲ တစ်လတာ အပစ်ခတ်ရပ်စဲကြောင်း ကြေညာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ငလျင်​ဖြစ်ပွားရာဒေသတွေမှာ ထိုးစစ်နှစ်ပတ်ရပ်နားမယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲဖို့ ကြေညာထားခြင်း မရှိသေးသလို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေကနေ သိရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.