မန္တလေး၊ မတ် ၂၉

ပြင်းထန်ငလျင်ဒဏ်ကြောင့် ဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ မိမိတို့နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အစွမ်းကူညီဆောင်ကြဖို့ NUG က ညွှန်ကြားလိုက်ပါတယ်။

ငလျင်ဒဏ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ လိုအပ်ချက်နဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကိုလည်း သက်ဆိုင်ရာအဆင့်ဆင့် တင်ပြကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က မတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အင်အားပြင် ငလျင်ဒဏ်ခံစားရတဲ့ ပြည်သူတွေကို NUG အနေနဲ့ အရေးပေါ်ကူညီကယ်ဆယ်မှုတွေ အမြန်ဆုံးလုပ်ဆောင်နေပြီလို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် အရပ်သားပြည်သူ ၁၀၀၀ ကျော် သေဆုံးထားပြီး ၂၄၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီအချိန်လောက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းတို့မှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။

ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် အမျိုးသားညီညွတ်အစိုးရ NUG ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း လူဆယ်နဲ့ချီ သေဆုံးတာတွေ ရှိနေပြီး ကူညီကယ်ဆယ်ရေးတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြင်းထန်ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေကို စစ်ကောင်စီက အရေးအပေါ် အခြေအနေ ကြေညာထားပြီး နိုင်ငံတကာအသိုက်အဝိုင်းကိုလည်း အကူအညီ တောင်းခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.