မော်စကို၊ မတ် ၂၉

နှစ်နိုင်ငံကြား ဆက်သွယ်မယ့် တံတားတစ်စင်းကို ရုရှားနဲ့မြောက်ကိုရီးယားတို့ တူမန်မြစ်ပေါ်မှာ မကြာခင် တည်ဆောက်သွားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို ကိုးကားပြီး နိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း သဘောတူညီမှု တော်တော်များများ လက်မှတ်ရေးထိုးခဲ့ပြီး တံတားဆောက်လုပ်ဖို့ သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကိုရီးယားစစ်ပွဲပြီးနောက် ၁၉၅၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ချစ်ကြည်ရေး တံတားခေါ် ရထားလမ်းတံတား အနီးမှာ အဲဒီ တံတားအသစ်ကို ဆောက်လုပ်သွားမှာ ဖြစ်ကြောင်း ရုရှားမီဒီယာက ဖော်ပြလာတာပါ။

အဲဒီ ချစ်ကြည်ရေး တံတားဟာ ၂၀ ရာစုမှာ နယ်စပ်ကို ဖြတ်ကျော်ဖို့ အသုံးပြုခဲ့တဲ့ ရှေးဟောင်း သစ်သားတံတား ဖြစ်ပြီး ဖျက်ဆီးပစ်ခဲ့တာ ဖြစ်တယ်လို့ ရုရှားမီဒီယာမှာ ဖော်ပြထားပါတယ်။

တံတားအသစ်ကို မကြာခင် တည်ဆောက်သွားမှာဖြစ်ပြီး ဆောက်လုပ်မှု မစတင်ရသေးဘူးလို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး မက်ဆီဂိုရာက RIA သတင်းဌာနသို့ ပြောကြားထားပါတယ်။

နှစ်နိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဒီဇိုင်းရေးဆွဲမှု အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သံအမတ်ကြီး မက်ဆီဂိုရာက ပြောပါတယ်။

တည်ဆောက်ဖို့ ဆွေးနွေးလာခဲ့တာ နှစ်များစွာကြာပြီ ဖြစ်တဲ့ အဲဒီ တံတားဟာ မီတာ ၈၅၀ ရှည်မှာ ဖြစ်ပြီး ရုရှား အဝေးပြေးလမ်းစနစ်နဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

တံတား အခြေခံအုတ်မြစ် စတင်ချနေပြီ ဖြစ်ကြောင်း ဂြိုဟ်တု ပုံရိပ်တွေမှာ မြင်တွေ့ရတယ်လို့ တောင်ကိုရီးယားသတင်းဌာနတွေက မတ် ၅ ရက်မှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.