နေပြည်တော် ၊ မတ် ၂၉

မြန်မာ့သမိုင်းမှာ အကြမ်းဖက် (လက်နက်ကိုင်) လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ စစ်တပ်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မတ် ၂၇ ရက်နေ့က ကျ‌ရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့တာ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်း သိမ်းဖို့ အသက်ကို ပဓာနမထားဘဲ နိုင်ငံ့ကာကွယ်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားကြဖို့ စစ်ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

စစ်တပ်က စစ်ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ချိန် အစောပိုင်းကာလမှာ ဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့က နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဥပဒေနဲ့အညီ ဖြေရှင်းလိုခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ သွေးထိုးလှုံ့ဆော်လာခဲ့ကြတယ်လို့ စွပ်စွဲပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြည်သူတွေ အေးချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာကို လက်နက်အားကိုးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့တာ စစ်တပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးဆိုတာ ဘယ်လိုမှ မလွဲမရှောင်နိုင်လို့သာ ကျွန်တော်တို့တွေ ရွေးချယ်ခဲ့ရတာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာလုယူဖို့ ကြိုးစားတဲ့အချိန်တုန်းက ပြည်သူတွေ လမ်းပေါ်ထွက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျွန်တော်တို့တွေ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဖို့ကို တောင်းဆိုခဲ့ကြတယ်။ ဒါတွေကို လက်နက်အားကိုးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့တာ စစ်တပ်ကိုယ်တိုင်သာလျှင် ဖြစ်တယ်။ မင်းအောင်လှိုင်နဲ့ အာဏာရူးတွေ စစ်အာဏာရှင်တွေသာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း နိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿ နာကို အခွင့်ကောင်းယူပြီး PDF အဖွဲ့ဝင်တွေနဲ့ နိုင်ငံ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်သောင်းကျန်း သူတွေအဖြစ်သုံးနှုန်းပြီး နယ်မြေအလိုက် နယ်တစ်နယ်၊ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်လို့ အပြစ်ဖို့ပါတယ်။

ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့ လက်နက်ကိုင်လမ်းစဉ်တွေကို လုံးဝလက်သင့်ခံလို့မရတဲ့အတွက် စစ်တပ်အနေနဲ့ လူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ဘယ်သူ့အပေါ်မှာမှ လုံးဝ ညှာတာမှု မရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့အပေါ် နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတာကို တရားသောစစ်လို့ ပြောတာဟာ ရီစရာကောင်းတယ်လို့ တုံ့ပြန်ပါတယ်။

“တရားသောစစ်ကို ဆင်နွှဲမယ်ဆိုတဲ့ဟာက တော်တော့်ကို ရီစရာကောင်းတယ်။ ဘယ်မှာလဲ တရားသောစစ်ဆင်နွှဲတယ်ဆိုတာ။ နေ့စဉ်နဲ့အမျှ လူထုအပေါ် သံဃာထုအပေါ်မှာ ဘယ်သူ့အပေါ်မှာမှ လုံးဝ ညှာတာမှုမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ဟာပဲ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတဲ့ဟာကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး တရားသောစစ်လို့ ယူဆလို့ရမလဲ။ အဲဒါကြောင့်မို့ ရှေ့တစ်မျိုးပြော နောက်တစ်မျိုးပြော မနက်တစ်မျိုးပြော ညတစ်မျိုးပြောနဲ့ အဲဒီလူတွေနဲ့ သူတို့‌ပြောတဲ့ စကားကို ကျွန်တော်တို့ အလေးနက်ထားစရာမလိုဘူး” လို့ ဆိုပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးတာကြောင့် စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ EAO တွေနဲ့ PDF တွေကိုကမ်းလှမ်းထားပြီးလို့ ဆိုပါတယ်။

ဦးနေဘုန်းလတ်ကတော့ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပေမယ့် လက်နက်အားကိုးအနိုင်ကျင့်ခဲ့ပြီးမှ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောနေတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့တာ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုသာ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ Free and Fair မဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီးတော့ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားခဲ့တာ အကြမ်းဖက်စစ်တပ်ဖြစ်တယ်။ဒီလိုမျိုး ကိစ္စတွေ မဖြစ်ရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းနာတွေ ရှိပေမယ့်လည်း ဒါတွေကို လျစ်လျူရှုပြီး လက်နက်အားကိုး အနိုင်ကျင့်ခဲ့တာ သူတို့ကိုယ်တိုင်ဖြစ်တယ်။အဲဒီ‌တော့ သူတို့ ကိုယ်တိုင်က ပြန်ပြီးတော့ နိုင်ငံရေးနည်းနဲ့ရှင်းပါဆိုတဲ့ စကားကတော့ အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့်ထားတယ်လို့ စစ်ရေးပြမိန့်ခွန်းမှာ ထပ်ပြောလာတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆ (စ) မှာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်တယ်”ဆိုတဲ့ ပြဌာန်း ချက်နဲ့အညီ စစ်တပ်က အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.