ဝါရှင်တန်၊ မတ် ၂၉
လူ ၁၀၀၀ ကျော်အထိ သေဆုံးခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက နိုင် ငံတကာ အကူအညီပေးရေး တောင်းဆိုမှုနဲ့အတူ အမေရိကန်က မြန်မာကိုကူညီသွားမှာ ဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က မတ် ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အကူအညီ တောင်းခံမှုကို တုံ့ပြန်သွားမှာလားလို့ မေးမြန်းချိန်မှာ သမ္မတ ထရန့်က အခြေအနေ တော်တော်ဆိုးရွားတယ်လို့ ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောဆိုထားတာပါ။
“ကျွန်တော်တို့ ကူညီသွားမှာပါ။ အဲဒီနိုင်ငံနဲ့ ကျွန်တော်တို့ စကားပြောသွားဖို့ ရှိပါတယ်” လို့ ထရန့်က ဖြည့်စွက်ပြောပါတယ်။
မတ် ၂၈ ရက်က မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၇၀ ကျော် ရှိနေတာပါတယ်။ သေဆုံး ထိခိုက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မြန်မာဘက်က လာတဲ့သတင်းတွေမှာ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မြေငလျင် လှုပ်ခတ်မှုကို ထိုင်းအပါအဝင် အိမ်နီးချင်း နိုင်ငံတွေကလည်း ခံစားခဲ့ရပြီး ထိုင်းမှာ အပျက်အစီးများခဲ့ပါတယ်။ ထိုင်းမှာ မြေငလျင်ကြောင့် သေဆုံးသူတွေထဲ မြန်မာနိုင်ငံသား အများအပြားလည်း ပါဝင်ခဲ့ပါတယ်။
ဒီလိုအားပြင်းတဲ့ မြေငလျင် လှုပ်ခတ်ပြီးနောက်မှာ နိုင်ငံတကာက ကူညီပေးကြဖို့ စစ်ခေါင်းဆောင်က ပန်ကြားခဲ့ပါတယ်။
တရုတ်၊ အိန္ဒိယတို့ အပါအဝင် နိုင်ငံတချို့က အကူအညီတွေ ပေးပို့ထားပြီးချိန်မှာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို ကူညီပေးမှာလားလို့ ထရန့်ကို သတင်းထောက်တွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမဆို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ ကူညီကြပါလို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပန်ကြားခဲ့တာ ဖြစ်ပါတယ်။
Ref:AFP