နေပြည်တော် ၊ မတ် ၂၉

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းမဆို လာရောက်ကူညီနိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ဖိတ်‌ခေါ်ခဲ့ပါတယ်။

မနေ့ မတ်၂၈ ရက်နေ့ နေ့လယ် တစ်နာရီအချိန်လောက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းတို့မှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။

အဲဒီဒေသတွေကို အရေးအပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နိုင်ပေမယ့် ငလျင်ဘေးကိုတော့ ပြင်ပအကူအညီရယူဖို့ ဘယ်သူမဆို လာရောက်ကူညီဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေထဲမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားပြီး ပမာဏအတိအကျကိုတော့ တရားဝင် အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။

ငလျင်ဘေးကိုတော့ ပြည်ပအကူအညီတွေပေးနိုင်ဖို့ အကုန်လမ်းဖွင့်ပေးထားပြီးဖြစ်လို့ မကြာသေးမီကပင် AHA စင်တာနဲ့ အိန္ဒိယနိုင်ငံကနေ ဒီကနေ့မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေတွေ ပေးပို့ဖို့ ကမ်းလှမ်းတာကို ခွင့်ပြုထားပြီလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ကလည်း ဒီကနေ့ မနက်ပိုင်းမှာ အဖွဲ့ဝင် ၃၇ ဦးဟာ အသက်ကယ်ကိရိယာတွေ ငလျင်ကြိုတင်သတိပေးစနစ်တွေ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ စတဲ့တွေကို သယ်ဆောင်ပြီး မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ တရုတ်သံရုံးကနေ သိရပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကတော့ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကူညီပေးသွားမယ်လို့ မတ် ၂၈ ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောကြားထားတာပါ။

ရုရှားအစိုးရကလည်း ငလျင်နောက်ဆက်တွဲအကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေ ပါဝင်တဲ့လေယာဉ်နှစ်စီးကို မြန်မာနိုင်ငံသို့ စေလွှတ်လိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

မန္တလေးတိုင်းအတွင်း လက်ရှိအချိန်အထိ စာရင်းတွေအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့သဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျယ်ပြန့်စွာလုပ်ဆောင်ဖို့တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.