နေပြည်တော်၊ မတ် ၂၈
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီက အရေးအပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီအချိန်ခန့်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းတို့မှာ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။
အင်အားပြင်း မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အလျင်အမြန် စုံစမ်းစစ်ဆေးတာ၊ ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦတွေ၊ နေအိမ်တွေ၊ ဟိုတယ်အဆောက်အဦတွေ၊ ဈေးတွေအပါအဝင် လမ်းတံတား အများအပြား ထိခိုက်ပျက်စီးမှုတွေ ရှိနေပြီး လူသေဆုံးမှုနှုန်း မြင့်တက်လာမယ့် အခြေအနေမှာ ရှိနေတာပါ။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်လာနိုင်တာကြောင့် ပြည်သူတွေ ဘေးလွတ်ရာမှာနေထိုင်ကြဖို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI