အုတ်တွင်း ၊ မတ် ၂၇
နိုင်ငံတဝန်းမှာ အခုမတ်လ ပထမသုံးပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
မတ်လ ၁ ရက်နေ့ကနေ မတ် ၂၆ ရက်နေ့အထိ သုံးပတ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၁၇ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေအနက် မကွေးတိုင်းမှာ ၁၆ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ပဲခူးတိုင်းမှာ ၅ ဦးနဲ့ ဒုတိယအများဆုံး သေးဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ကံကလေးကျေးရွာနဲ့ ပေါက်ကုန်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက လေကြောင်းကနေ ဒရုန်းနဲ့ ထန်းကုန်းကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကွမ်းယာဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ငါးဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးခန်းကို ပို့ဆောင်ပြီး ဆေးဝါးကုသနေချိန် ကိုစန်းလင်းအောင်ဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် အဲဒီနေ့ ညနေ ၆ နာရီအချိန်ခန့်မှာပဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၆၄၅၂ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MYD PDF