မော်လမြိုင် ၊ မတ် ၂၇
မွန်ပြည်နယ်မှာ လာမယ့်မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။
မတ်လ ၂၅ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
သင်္ကြန်ပွဲတော်ကာလ စည်ကားစေဖို့အတွက် မော်လမြိုင်မြို့မှာ လမ်းလျှောက်သင်္ကြန်ကို ထည့် သွင်းကျင်းပသွားမှာဖြစ်သလို သင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်လည်း လုပ်ငန်းကော်မတီ ၁၅ ရပ်နဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။
ဒေသခံလူငယ်တစ်ဦးကတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားအောင်လုပ်မယ်လို့ ပြောပေမယ့် မော်လမြိုင်မြို့လောက်သာ လုပ်နိုင်မှာဖြစ်ပြီး တခြားမြို့ တွေမှာတော့ စည်ကားအောင် လုပ်လည်း စည်ကားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“တကယ်လို့ မော်လမြိုင်လို မြို့ကြီးဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ကျွန်တော်တို့လို နယ်မြို့လေးတွေကတော့ စည်စည်ကားကားလုပ်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဆိုရင်လည်း မနက် ၆/ ည ၆ ထိန်းချုပ်မှုတွေအောက်မှာ ရှိနေတဲ့အတွက် စည်ကားသင့်သလောက်လည်း စည်ကားမယ်လို့ မထင်ဘူး။ သာမာန်လောက်ပဲ ဖြစ်နိုင်မယ်လို့ ထင်တယ်။ စည်ကားအောင် လုပ်လည်း စည်ကားမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ကာလ ဖြစ်တာကြောင့် အချိန်နေရာမရွေး ပေါက်ကွဲမှုတွေ ဖြစ်နိုင်တဲ့အတွက် လူငယ်တွေကြားထဲမှာ စိုးရိမ်စိတ်တွေရှိနေပြီး အရင်လို စည်ကားအောင် လုပ်လို့ ရနိုင်မှာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
ဒေသခံလူငယ် နောက်တစ်ဦးကလည်း အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော်ဟာ အရင်လို စည် ကားမှု မရှိပေမယ့် ရပ်ကွက်တွေအတွင်း အနည်းအကျဉ်း ရေကစားမှုရှိသလို လက်ရှိ နိုင်ငံရေး အ ခြေအနေအရ ရေကစားဖို့ စိုးရိမ်စိတ်တွေ ရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ မြို့မှာတော့ အခါတိုင်း အခါတိုင်းထက် မစည်းတာတောင်မှ သူ့ရပ်ကွက်အလိုက်ပေါ့ ရေကစားတာ အနည်းအကျဉ်းလောက်တော့ရှိတယ်။ အစည်ကားကြီးတော့ သိပ်မရှိပါဘူး။ သင်္ကြန်မှာ ကစားဖို့ကျတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ခေတ်ကာလနဲ့ဆိုရင်တော့ နိုင်ငံရေး အခြေအ နေက သိပ်မကောင်းတော့ ကစားတာတော့ နည်းနည်းစိုးရိမ်ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက သင်္ကြန်ကာလကို စည်ကားအောင် လုပ်မယ်လို့ ပြောဆိုနေပေမယ့် ဒေသတွင်း လူ ငယ်အများစုဟာဆိုရင် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပထွက်ခွာမှုများတဲ့အတွက် အရင်လို စည်ကားဖို့ မဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ လူ သားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်ခဲ့တာကြောင့် အများပြည်သူတွေ ပျော်ရွှင်စွာ ရေကစားနိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်း ပသွားမယ်လို့ ကြုံးဝါးထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီက ပြုလုပ်မယ့်မဏ္ဍပ်တွေမှာ ပြည်သူတွေရေကစားချိန် စစ်ကောင်စီက ဖောက်ခွဲမှုတွေပြုလုပ်ပြီး တော်လှန်ရေးအဖွဲ့တွေ အတာချနိုင်သလို အာဏာသိမ်းကာလမှာ ပြည်သူတွေ ပျော်ရွှင်နေတဲ့ပုံစံ နိုင်ငံတကာကို ဝါဒဖြန့်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ် ရောဂါ အခြေအနေတွေကြောင့် မကျင်းပနိုင်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်စဉ် ပြန်လည် ကျင်းပခဲ့ပေမယ့် ပြည်သူတွေကတော့ နိုင်ငံရေး အခြေအနေတွေကြောင့် စိတ်ဝင်စားမှု နည်းပါးနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ