ဝါဆော၊ မတ် ၂၇

ပိုလန် ဒါမှမဟုတ် မဟာမိတ်နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ရင် အင်အားအပြည့်နဲ့ တုံ့ပြန်သွားမှာဖြစ်ကြောင်းနဲ့ အဖွဲ့ရဲ့ အရှေ့ဘက် မျက်နှာစာကို ကာကွယ်မှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက် ရူတီက မတ် ၂၆ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

မိမိတို့ရဲ့ တုံ့ပြန်မှုက ဆိုးဆိုးရွားရွား ပျက်စီးစေမှာ ဖြစ်ကြောင်း၊ ဒါဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိမိတို့ကို တိုက်ခိုက်လိုသူတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုတာ ဖြစ်ကြောင်းအတွင်းရေးမှူးချုပ် မက် ရူတီက ပြောပါတယ်။

ယူကရိန်းမှာ အောင်ပွဲရသွားရင် ရုရှားက နေတိုးအဖွဲ့ရဲ့ စည်းလုံး ညီညွတ်မှုကို အကဲစမ်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုလန်နဲ့ဘော်လ်တစ်နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒီလိုအချိန် ဝါဆောမှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်နဲ့ တွေ့ဆုံချိန် နေတိုး အတွင်းရေးမှူးက မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်မှာ ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးအတွက် နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းကို သုံးစွဲဖို့ လျာထားတဲ့ ပိုလန်ဟာ နေတိုးအဖွဲ့မှာ လက်နက် အင်အားအကောင်းဆုံး အရှေ့ပိုင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က ယူကရိန်းမှာ ငြိမ်းချမ်းရေး ရမှပဲ မိမိတို့ လုံခြုံတယ်လို့ ခံစားရမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ ဒေါ်နယ် ထရန့် လက်ထက်မှာ ယူကရိန်း-ရုရှား စစ်ပွဲနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ သဘောထား ပြောင်းလဲလာချိန် ရုရှားက ဥရောပကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာနေပါတယ်။

ယူကရိန်းနဲ့ရုရှားကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှိနေပြီး ပင်လယ်နက်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူထားပေမယ့် ရုရှားက သူတို့အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းမှပဲ ဆွေးနွေးမှု ရလဒ်တွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Ref:Dpa

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.