ထားဝယ်၊ မတ် ၂၇

တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် အဝေးပြေးကားဝင်းအနီးက လိုင်းခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ အဝေးပြေးကားဝင်းအနီးက လိုင်းခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီးနင်းမှုအတွင်း အသက် ၅၀ အရွယ် ဒေါ်အေးသီတာအပါအဝင် အသက် ၂၀ ကနေ ၆၀ ကြားရှိတဲ့ အမျိုးသား၊အမျိူးသမီး ၂၀ ကျော် ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဧည့်စာရင်းမတိုင်တာ၊ ဧည့်စာရင်းတိုင်ပြီးနောက် သတ်မှတ်ရက်လွန်နေတာ၊ တချို့ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူတွေဟာ စစ်ဘေးရှောင်တွေနဲ့ရွေ့ပြောင်းလုပ်သားတွေ အများစုပါဝင်ပြီး သူတို့ကိုတော့ ထားဝယ်မြို့မရဲစခန်းနဲ့စစ်တပ်ထဲ ဖမ်းခေါ်သွားပြီး ထိန်းသိမ်းထားကာ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

ထားဝယ်မြို့ပေါ်မှာ အခုလ မတ်လနောက်ဆုံးအပတ်အတွင်း ဧည့်စာရင်းအပါအဝင် စစ်မှုထမ်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi ရဲ့ အစီခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၃၂၆ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.