နေပြည်တော် ၊ မတ် ၂၇

အထွေထွေရွေး‌ကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ လာမယ့်နှစ် ဇန်နဝါရီ ဒုတိယပတ်အထိ တစ်လအတွင်း ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့နယ်တွေမှာ ကျင်းပပြီးစီးဖို့ လျာထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မတ် ၂၅ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီအနေနဲ့ ကြိုတင်ပြင်ဆင်နေပြီး အရင်က တာဝန်ယူချိန် ၂ နှစ်တာအတွင်း ရွေးကောက်ပွဲလုပ်ဖို့ စဉ်း စားခဲ့ပေမယ့် COVID-19 အလွန်ကာလနဲ့ တည်ငြိမ်မှုလိုအပ်နေတဲ့ အချိန်ကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဒါကြောင့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင် ထုတ်ပြောထားတဲ့ စစ်‌ကောင်စီအနေနဲ့ လက်ရှိမှာ နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ၆ လတစ်ကြိမ် သက်တမ်းတိုးထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ့်အနေအထားမျိုးရှိနိုင်တာမို့ လုပ်လို့ရတဲ့နေရာတွေမှာ ကွက်လုပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“တရုတ်နဲ့ရှရုား နှစ်နိုင်ငံကို သူတို့ခွပြီး ပလေးနေရင်းနဲ့ အားကိုးရှာတယ်။ ပြီးတော့ အရင်တုန်းကလိုပဲ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ခဲ့ပေမယ့် ကိုဗစ်နဲ့ မတည်ငြိမ်မှုကြောင့်ဆိုပြီး ဒီဟာမျိုး ထပ်ပြောမယ်ဆိုရင် သူတို့အရှက်ကွဲတော့မယ်။ ပြောသမျှဟာ တစ်ခုမှ ဖြစ်မလာတဲ့ဟာက သူတို့အတွက် အရှက်ရစေမှာပဲ။ ဒါပေမယ့်လည်း သူတို့ကအရှက်ရှိတဲ့ စစ်တပ်တော့ မဟုတ်ဘူး။ သူတို့ ပြောချင်ရာတွေ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတဲ့ စစ်အုပ်စုဆိုတော့ မှန်းရတာတော့ ခက်တယ်။ ဒါပေမယ့် တကယ်တမ်း နှစ်ခုထဲကတစ်ခုကို သေချာပေါက်မှန်းရမယ်ဆိုရင်တော့ လုပ်လို့ရတဲ့နေရာလေးတွေကွက်လုပ်ပြီး ရွေးကောက်ပွဲပြီးပါပြီဆိုပြီး ရုန်းထွက်မယ့် အနေအထားမျိုးလို့ပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

မဲဆန္ဒရှင်စာရင်းတွေရရှိဖို့ ၂၀၂၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကလည်း ရာနှုန်းပြည့်ကောက်ယူရရှိတဲ့ မြို့နယ်တွေရှိသလို ကောက်ယူဖို့ ကျန်ရှိတဲ့မြို့နယ်တွေလည်း ရှိနေသေးတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

အဲဒီကနေ ကောက်ယူထားတဲ့ စာရင်းတွေအပေါ်မူတည်ကာ ဆန္ဒမဲပေးနိုင်တဲ့ အသက် ၁၈ နှစ်နဲ့အ ထက် လူဦးရေစာရင်းကိုရရှိထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို လာမယ့်နှစ် ဇန်နဝါရီအတွင်း အောင်မြင်စွာကျင်းပပြီးစီးဖို့ လျာထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေနဲ့ ဆောင်ရွက်တာဖြစ်လို့ အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်တွေ ရရှိမှာဖြစ်တဲ့အတွက် တစ်လအတွင်း ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့ နယ်တွေမှာ ပြီးမြောက်နိုင်မယ်လို့ ပြောကြားထားတာပါ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို တရားဝင်ထုတ်ပြောပြီဆိုရင် မိမိတို့အနေနဲ့ အချိန်မလုံလောက်ပေမယ့် အတတ်နိုင်ဆုံး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“အချိန်လုံလုံလောက်‌လောက်ကတော့ ပြောရမယ်ဆိုရင် အချိန်ကများများရလေလေ ကောင်းလေလေပဲ။ ဒါပေမယ့် အခုအဲဒီလို တရားဝင်ထုတ်ပြောပြီဆိုရင် ပြောတဲ့အပေါ်မှာ အတတ်နိုင်ဆုံး ကျွန် တော်တို့ကလိုက်ပြီး စည်းရုံးဆော်ဩရမှာပေါ့လေ။ ကျွန်တော်တို့လည်း မျှော်တော့မျှော်လင့်ထားတဲ့အတွက် ပြင်ဆင်သင့်သလောက်တော့ ပြင်ဆင်ထားတာပေါ့။ အဲဒီတော့ အချိန်လုံလောက်လား မလုံလောက်လားဆိုတာတော့ ပြောရရင် ဘယ်တော့မှ မလုံလောက်ဘူး။ သို့ပေမယ့် ရတဲ့အနေ အထားပေါ်မှာ တစ်စုံတစ်ခုတော့ အတိုင်းအတာအထိဖြစ်အောင် လုပ်ရမယ့်သဘောတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတဝန်း စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီဝင်ဦးရေ အနည်းဆုံး ငါးသောင်းရှိရမှာဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံးသုံးပုံတစ်ပုံမှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။

ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး အဲဒီဒေသအတွင်းရှိ မြို့ နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါ တီရုံးခန်းခွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အ တွင်း ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် နိုင်ငံရေးပါတီတွေအတွက် ပြင်ဆင်ချိန် ၉ လ လောက်သာရရှိတော့မှာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံး‌ရေးကာလကလည်း ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀ လိုမျိုး ကျင်းပမယ့်နေ့ရက်မတိုင်ခင် ရက်ပေါင်း ၆၀ သတ်မှတ်ခဲ့ရင် တကယ်တမ်း ၆ လ ကျော်လောက်သာ ကျန်ရှိတော့တာပါ။

တစ်ဘက်မှာ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ မြို့ နယ်အရေအတွက်ဟာ ၉၀ သာ ကျန်ရှိတော့သလို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲကို ဆန့် ကျင်တိုက်ဖျက်သွားမယ်လို့ အသိပေးထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ၉ လအတွင်းမှာတင် စစ်ကောင်စီအနေနဲ့ နေပြည် တော်က ထွက်‌ပြေးရနိုင်တဲ့အခြေအနေ ရင်ဆိုင်ရနိုင်တာမို့ ရွေးကောက်ပွဲအစီအစဉ်ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အခုက စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေ ကပစတွေ ရှိတဲ့နေရာနား (တော်လှန်ရေးအဖွဲ့တွေ) ရောက်နေပြီ။ မိုးမကျသေးပါဘူး။ မိုးမကျခင် အဲဒီဒေသတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်သွားလို့ရှိရင် ဒီစစ်ပွဲကို အဆင့်ဆင့် ဖျက်နိုင်စရာ အကြောင်းသိပ်မရှိတော့ပါဘူး။ နောက်တစ်ဘက်ကလည်း စစ်ကောင်စီဥက္ကဌကနေပြီးတော့ နယ်မြေတွေ ပြန်ပြီးရရှိအောင် ကြိုးပမ်းကြဖို့ဆိုတဲ့ ပြောနေတဲ့ကိစ္စကလည်း တစ်နေရာမှ တစ်ခုမှ အောင်မြင်တာ မတွေ့ရသေးပါဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့အချိန်မရောက်ခင် နေပြည်တော်ကနေပြီးတော့ စစ်ကောင်စီအနေနဲ့ ထွက်ခွာရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲအစီအစဉ်ဆိုတာ စိတ်ကူးယဉ်စီမံကိန်းကြီး လေထဲတိုက်အိမ်ဆောက်တဲ့ အစီအစဉ်ကြီးဖြစ်တဲ့အတွက် အောင်မြင်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူ ဆပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

၂၀၂၅ အလွန်မှာ နိုင်ငံရေးနဲ့ပတ်သက်လာရင် အလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်ပြီး ပါ တီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် ဘယ်လိုမျိုး ထိန်းကျောင်းသွားရမယ်ဆိုတာ စဉ်းစားဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကလည်း အရှိန်အဟုန်မပျက် ဆက်ရှိနေပြီး မြို့ပေါင်း ၉၅ မြို့ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဘက်က အလုံးစုံလက်လွှတ်ထားရတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၃၁၅ မြို့နယ်အထက် ကျင်းပနိုင်ခဲ့သလို နိုင်ငံတဝန်း တစ်ရက်တည်း တစ်ချိန်တည်းမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲဥပဒေမှာ ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိတဲ့အ တွက် ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမယ်လို့ ကောင်စီဝင်တွေကို ပြောကြားခဲ့ပါတယ်။

ဒါဟာ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကြောင့် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကို တစ်ရက်တည်း ကျင်းပမှာမဟုတ်ဘဲ နယ်မြေဒေသပေါ်မူတည်ပြီး အပိုင်းလိုက်ကျင်းပမယ့်သဘောလို့ နားလည်ရပါတယ်။

ရွေးကောက်ပွဲစနစ်ကိုတော့ အရင်ကကျင့်သုံးခဲ့တဲ့ မဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တို့မှာ အချိုးကျကိုယ်စားပြု PR စနစ်ကိုပါ ပေါင်းစပ်ကျင့် သုံးဖို့ စစ်ကောင်စီက လျာထားတာပါ။

ဒီအတွက် အားလုံးသဘောတူ ဆုံးဖြတ်ပြီးရင်တော့ တစ်နိုင်ငံလုံးကို အသိပေးသွားမှာဖြစ်ပြီး ရွေး ကောက်ပွဲကျင်းပနိုင်ရေးအတွက် အချိန်ကာလအနေနဲ့ ၉ လလောက်ကျန်ရှိပြီး ကြိုတင်ပြင်ဆင်ချိန် ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့ကာလအတွင်း လုံခြုံရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.