မော်လမြိုင်၊ မတ် ၂၇
နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံး နေရာအနှံ့ တော်လှန်တိုက်ခိုက်နေတဲ့အတွက် အခုကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၈၀ နှစ်ပြည့်မြောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအ နားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့် စစ်တပ်အဖြစ်ကနေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက် ဖျက်ဆီးနေတဲ့ ဖက်ဆစ်စစ်တပ်အသွင်သို့ ကူးပြောင်းသွားပြီလို့ NUG ဆိုပါတယ်။
ဒါကြောင့် NUG အစိုးရအနေနဲ့ နွေဦးတော်လှန်ရေးမှာ အောင်ပွဲရတဲ့အထိ ခေတ်သစ်ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်ရေးအတွက် တိုင်းရင်းသားပြည်သူတွေအားလုံးအကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲတွေ ဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မယ့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်ကာ ပြည်သူကို အလေး ထားကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်တစ်ရပ်အဖြစ် ထူထောင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ NUG က ဆိုပါတယ်။
စစ်တပ်ဘက်က တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာတော့ နိုင်ငံတဝန်းက ဒေသတချို့မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြုလုပ်နေပြီး ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကို တက်ရောက်လာတာ တွေ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG