ဆိုးလ်၊ မတ် ၂၇
ဉာဏ်ရည်တု AI နည်းပညာသုံး အသေခံဒရုန်းတွေကို နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က မတ် ၂၇ ရက်မှာ ဖော်ပြပါတယ်။
လူမလိုတဲ့ ထိန်းချုပ်မှုနဲ့ AI စွမ်းရည်တွေကို ခေတ်သစ် လက်နက်တွေထုတ်လုပ်ရာမှာ ထိပ်တန်း ဦးစားပေးအနေနဲ့ အသုံးပြုသင့်တယ်လို့ ကင်ဂျုံအန်က ပြောထားတာပါ။

မြေပြင်နဲ့ ရေပြင်မှာ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေ ပစ်မှတ်တွေကို ကောင်းကောင်း ထောက်လှမ်းနိုင်တဲ့ အဆင့်မြှင့်တင် ထုတ်လုပ်ထားတဲ့ ဒရုန်းတွေကိုလည်း ကင်ဂျုံအန် စစ်ဆေးခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားက အဆင့်မြင့်ဒရုန်းတွေ ထုတ်လုပ် စမ်းသပ်နေသလို ဒရုန်းတွေကို တားဆီးနိုင်တဲ့ ဂျမ်မာတွေလည်း ထုတ်လုပ်နေပါတယ်။
KCNA က ဖော်ပြတဲ့ ဓာတ်ပုံတွေမှာ အသေခံဒရုန်း တစ်စီးနဲ့ သံချပ်ကား ပုံစံ တစ်ခုကို တိုက်ခိုက် ဖျက်ဆီးပြီး မီးလောင်နေတာကို မြင်တွေ့ရပါတယ်။

သာမန် တိုက်လေယာဉ် တစ်စီးထက် ပိုကြီးမားတဲ့ ဒရုန်းတစ်စီး ရှေ့မှာ ကင်ဂျုံအန်နဲ့ သူ့ရဲ့ လက်ထောက်တွေ လမ်းလျှောက်နေတာကိုလည်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီစီမံကိန်းဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ယူဆရပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအတွင်း မော်စကိုကို ကူညီဖို့ မြောက်ကိုရီးယားက စေလွှတ်ထားတဲ့ စစ်သားတွေလည်း ဒရုန်းတွေ အသုံးပြု တိုက်ခိုက်နေပါတယ်။
ကုလသမဂ္ဂနဲ့ အနောက်တိုင်းရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ တားမြစ်မှုတွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။
Ref:Reuters