ကိဗ်၊ မတ် ၂၆
ဆော်ဒီအာရေးဗီးယားမှာ သုံးရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် အမေရိကန်နဲ့ သီးခြား သဘောတူညီမှုအတွင်း ရုရှားနဲ့ ယူကရိန်းတို့ဟာ ပင်လယ်နက်မှာ ရေတပ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။
အရေးကြီးတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်လာစေမယ့် သဘောတူညီမှုတွေကို ကြေညာရာမှာ ဝါရှင်တန်က သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ တာရှည်ခံတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

အရင်က သဘောတူထားခဲ့တဲ့ စွမ်းအင်ပစ်မှတ်တွေကို မတိုက်ခိုက်ရေး သဘောတူညီမှု အကောင်အထည် ဖော်သွားဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဒါပေမဲ့ ရုရှားက သူတို့ရဲ့ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ရောင်းဝယ်မှု အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှပဲ ရေတပ်အပစ်အခတ် ရပ်စဲရေး အသက်ဝင်လာလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ရည်ရွယ်ပြီး အမေရိကန် အရာရှိတွေဟာ ရီးယာ့ဒ်မြို့မှာ ရုရှားနဲ့ ယူကရိန်းအရာရှိတွေကို သီးခြား တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ရုရှားနဲ့ယူကရိန်း ကိုယ်စားလှယ်တွေ တိုက်ရိုက်တွေ့ဆုံခဲ့တာ မျိုး မရှိခဲ့ပါဘူး။
ပင်လယ်နက်မှာ ရေတပ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ မှန်ကန်တဲ့ ဦးတည်ရာဆီ လှမ်းချီတဲ့ ခြေလှမ်းဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇီလန်စကီးဟာ ငြိမ်းချမ်းရေး သဘောတူညီမှုကို တားဆီးနေတယ်လို့ အရင်က စွပ်စွဲခဲ့ပြီး ဇီလန်စကီးက ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး မလိုချင်ဘူးလို့ ဘယ်သူကမှ စွပ်စွဲလို့ မရတော့ဘူးလို့ ပြောဆိုထားတာပါ။
ဒါပေမဲ့ သဘောတူညီမှုတွေ ရရှိကြောင်း ဝါရှင်တန်က ကြေညာပြီးနောက်မှာ မော်စကိုက သူတို့အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပြီးနောက်မှ ပင်လယ်နက် ရေတပ်အပစ်အခတ် ရပ်စဲရေး အကောင်အထည်ပေါ်လိမ့်မယ်လို့ ပြောပါတယ်။
ရုရှားဘဏ်တွေကို နိုင်ငံတကာ ငွေကြေး ပေးချေမှုစနစ်နဲ့ ပြန်လည် ချိတ်ဆက်ပေးရေး၊ စားနပ်ရိက္ခာ တင်ပို့တဲ့ ရုရှားသင်္ဘောတွေကို တားမြစ်မှု ရုတ်သိမ်းပေးရေး၊ စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းတွေ တင်သွင်းခွင့်ပေးရေး မော်စကိုက တောင်းဆိုထားပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှု ရုတ်သိမ်းရေးနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လောလောဆယ် လေ့လာနေဆဲ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားပါတယ်။
သမ္မတ ဇီလန်စကီးကတော့ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးရမှာက မိမိတို့ အားနည်းသွားနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC