နေပြည်တော် ၊ မတ် ၂၆

လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်သူလူထုအကျိုးထက် စစ်အာဏာရှင်သက်ဆိုးရှည်ရေးသာဖြစ်တယ်လို့ တော် လှန်ရေးခေါင်းဆောင်တွေက ဝေဖန်ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို စစ်ခေါင်းဆောင် ထုတ်ပြောပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်နဲ့ မတ် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတာပါ။

နိုင်ငံရေးနဲ့ လုံခြုံရေးအပါအဝင် စီးပွားရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကဏ္ဍနှစ်ခုနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ၊ အပစ်ရပ် EAO တွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။

ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ဆောင်ရွက်မှုကသာ ရေရှည်တည်တံ့မယ့်အကြောင်း လူထုအကြား အသိအမြင်တိုးမြှင့်လာစေရေးနဲ့နိုင်ငံအတွင်း ပဋိပက္ခတွေ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးတွေ ပိုမိုတိုးတက်လာနိုင်စေမယ့် ရေတိုရေရှည်လုပ်ငန်းစဉ်တွေ ဖော်ထုတ်နိုင်ဖို့ စစ်ကောင်စီက ရည်ရွယ်ထားတာပါ။

ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေလုပ်တဲ့ ဘယ်လိုဆွေးနွေးပွဲမဆို လူထုအတွက်အကျိုးရှိမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်လိုဆွေးနွေးပွဲ ခေါင်းစဉ်ပဲတပ်တပ် ဘယ်လိုအချိန်ခါမျိုးမှာပဲလုပ်လုပ် ဒုံရင်းကဒုံရင်းပဲဆိုတဲ့ စကားအတိုင်း ထူးမခြားနားပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပလဲနံသင့်တဲ့ အပစ်ရပ် EAO တွေ နိုင်ငံရေးပါတီတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်လာခဲ့တယ်။ သို့သော်ငြားလည်း ဘာမှရေရေရာရာ တိုးတက်မှုတွေ မရှိခဲ့ဘူး။၂၀၀၈ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့်ဆွေးနွေးပွဲတွေ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးပြုလုပ်တဲ့ ရွေး ကောက်ပွဲတွေက ပြည်သူလုထုအကျိုးထက် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် စစ်ကောင်စီအကျိုးသာဖြစ်လာမှာပါ” လို့ ဆိုပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကဏ္ဍကြီးတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို စုပေါင်းအဖြေရှာ ဖော်ထုတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ပဋိပက္ခလျှော့ချပြီး စီးပွားရေး၊ လူမှုရေးတို့ကို ရေတိုရေရှည်စီမံကိန်းတွေဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေး လိုအပ်တယ်လို့ ဆွေးနွေးပွဲ ပထမရက်မှာ ပြောသွားခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုကနေ ရရှိလာတဲ့ သဘောထားတွေ အကြုံပြုချက်တွေကို ၂၀၂၅ အလွန် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခြေအနေတွေနဲ့ လိုက်လျော်ညီထွေတဲ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်တွေကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ရွေးကောက်ပွဲထွက်ပေါက်ရဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဟန်ပြလုပ်နေတာဟာ အပြောနဲ့ လက်တွေ့ မကိုက်ညီဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ ဘာပဲလုပ်လုပ် ငြိမ်းချမ်းရေးပွဲတွေ ဟန်ပြလုပ်နေပြီးတော့ လုံးဝ ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားတစ်ခုပဲ လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း ဒါကို လုံးဝယုံကြည်စိတ်ချမှု မရှိပါဘူး။အဲဒါကြောင့် သူတို့အဓိကထားနေတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာရေးအတွက်နဲ့ အဓိကအားဖြင့် သူတို့ထွက်ပေါက် ရလိုရငြားနဲ့ လုပ်တဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုမှ ယုံကြည်ချက်ကျအောင် မလုပ်နိုင်ပါဘူး။ ဘာလို့ဆို သူတို့လုပ်ရပ်နဲ့ တကယ့်လက်ရှိ ဖြစ်နေတဲ့အခြေအနေနဲ့ သူတို့ပြောတဲ့ဟာတွေက ဘာမှမဆိုင်ဘူးလေ” လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လုံခြုံရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ကြဖို့ စစ်ခေါင်း ဆောင်က မတ် ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ ညွှန်ကြားထားတာပါ။

ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကလည်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ စိန် ခေါ်မှုတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ဆွေးနွေးမှာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့ ရွေးကောက်ပွဲက အရေးကြီးလာတယ်လို့ ဆိုပါတယ်။

အခုဆွေးနွေးပွဲဟာ ပြည်တွင်းရှိ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေပါဝင်ပြီး စတင်ဆွေးနွေးမှုဟာ အစကောင်းတဲ့ခြေလှမ်းလို့ မြင်မိကြောင်းနဲ့ နောက်ပိုင်းမှာ ပိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်ဆိုရင် အသံလည်းပိုစုံလာမယ်လို့ ပြောဆိုကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။

ကရင်နီတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က လက်ရှိနိုင်ငံရေးအခြေအ နေဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးရေးကိုသွားဖို့ အာဏာမသိမ်းခင်ကလိုမျိုး စစ်ခေါင်း ဆောင် ဖြစ်ချင်တဲ့ဆန္ဒအတိုင်း လုပ်လို့ မရတော့ဘူးလို့ ထောက်ပြပါတယ်။

ဒါကြောင့် လက်ရှိ ဆွေးနွေးနေကြတဲ့ အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ် ပွားနေကြတာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတကာဆီက အကူအညီရဖို့ အခုလိုဆွေးနွေးပွဲ လုပ်နေတာလို့ ပြောပါတယ်။

“အခုကလည်း NCA မှာ ပါထားတဲ့ တချို့အဖွဲ့တွေပေါ့ဗျာ။ တိုက်ပွဲတွေမှာလည်း မပါသေးတဲ့အဖွဲ့တွေကို ခေါ်ပြီးတော့မှ နိုင်ငံတကာကို ရုပ်ပြလုပ်တဲ့သဘောပဲဖြစ်တယ်။ ဆိုတော့ ဒီအဖွဲ့တွေကို ကြည့်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖြေရှင်းနိုင်လား မဖြေရှင်းနိုင်လားဆိုတာ အသိသာကြီးပါ။ ဆိုတော့ ဒါက ထွက်ပေါက်တစ်ခုကို ရှာတာပဲ ဖြစ်တယ်။ ဆိုတော့ မင်းအောင်လှိုင်က ဒီနေ့ ထွက်ပေါက်ကို ရှာဖို့ လိုတယ်။ အဲဒီအတွက် ရွေး ကောက်ပွဲကျင်းပနိုင်ရေးတွေ အခုလိုမျိုး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတာကို နိုင်ငံ တကာကို အကြောင်းပြပြီးမှ အဲဒီက အကူအညီရရှိရေးအတွက် လုပ်နေတာဖြစ်တယ်။ဒါပေမယ့် တကယ်တမ်း နိုင်ငံတွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တော်လှန်ရေးအင်အားစုတွေ မပါဝင်ဘဲ စစ်ကောင်စီနဲ့ ပလဲနံသင့်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတာဖြစ်လို့ နိုင်ငံရေးအ ကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကလည်း ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေအပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.