တနင်္သာရီ၊ မတ် ၂၆
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်းထံကနေ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်သား နှစ်ဦးဟာ မတ်၂၅ ရက်နေ့မှာ ဒေါနတပ်ရင်း ဗျူဟာ(၃၃)နယ်မြေအတွင်းသို့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဟာ တပ်သား အာကာတင်လင်းနဲ့ တပ်သား နေလင်းအောင် တို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ပုလောအခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ မွန်ပြည်နယ် ဝဲကလိအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက သင်တန်းဆင်း တပ်သားတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရွာမှာ နွားကျောင်းနေချိန် စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေ ဖြစ်ပြီး စစ်တပ်ရဲ့ အနိုင်ကျင့်မှုကိုမခံဘဲ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမယ်လို့ အလင်းဝင်ရောက်လာတဲ့ တပ်သားနှစ်ဦးက ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားသစ်နှစ်ဦးကို ဒေါနတပ်ရင်းမှ ဆုကြေးငွေ ၅ သိန်းကျပ်စီ ချီးမြှင့်ထားသလို ကာကွယ်ရေး ဝန်ကြီးဌာနကို တင်ပြထားတာကြောင့် ဆုကြေးငွေ ထပ်မံချီးမြှင့်သွားမယ်လို့ ဒေါနတပ်ရင်း တပ်ရင်းမှူး ရဲဘော်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း တနင်္သာရီ အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီး တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၇ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း