နေပြည်တော် ၊ မတ် ၂၆
၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေထဲမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မတ် ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ပြည်ထဲရေးနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေအပြင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက်ပါ အသုံးစရိတ်တွေ တိုးမြှင့်ထားတယ်လို့ ပြောဆိုခဲ့ပေမယ့် ပမာဏအတိအကျကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
ဒါပေမယ့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရတာဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်နဲ့ စွမ်းအား မြှင့်တင်နိုင်ရေးအတွက်လို့ အ ကြောင်းပြပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်ကတော့ စစ်ကောင်စီဟာ နိုင်ငံတော် ဘတ်ဂျက်ငွေတွေကို ကာကွယ်ရေးနဲ့ ပြည်ထဲရေးအတွက်ပဲ အသုံးပြုနေတာကြောင့် ပြည်သူတွေရဲ့ လူမှုဘဝတွေ နစ်နာရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အားလုံးက ကာကွယ်ရေးနဲ့ ပြည်ထဲရေးအတွက်ပဲ သုံးနေတာ။ ဘယ်လောက်လောက် သုံးတယ်ဆိုတာပဲ ပြောဖို့လိုတယ်။ ဘတ်ဂျက်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်း သုံးမယ်ဆိုတာပဲ ပြောဖို့လိုတယ်။ ပြည်သူတွေအတွက် နစ်နာတာကတော့ အခုဆိုမီးမလာဘူး။ တစ်နေ့ကို ၄ နာရီပဲ ပေးတယ်။ ပြည်သူတွေ ဘယ်လောက်နားလည်ဆိုတော့ ပြည်သူတွေကို မီးပေးရမယ်။ ရေပေးရမယ်။ ကုန်ဈေးနှုန်းတွေ ကျ အောင် လုပ်ပေးရမယ်။ အဲဒါတွေက No ပဲ။ ဘာမှ မရှိတော့ဘူး။ ပြည်ထဲရေးနဲ့ ကာကွယ်ရေးမှာ သုံးပစ်လို့ ပြည်သူတွေ နစ်နာတယ်လို့ ဒီလို ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဘဏ္ဍတွေဟာ ပြည်သူတွေဆီက ကောက်ခံရရှိတဲ့ငွေတွေ ဖြစ်တာကြောင့် က ဏ္ဍအလိုက် သုံးစွဲမှုတွေကို ချပြသင့်ပြီး အခုလိုမချပြဘဲ စစ်ကောင်စီက ငါတို့သုံးချင်တဲ့နေရာမှာ သုံးမယ်ဆိုတဲ့ ပုံစံမျိုးဟာဆိုရင် အာဏာရှင်တွေရဲ့ စရိုက်ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
ပြည်သူတစ်ဦးကလည်း စစ်ကောင်စီက ဘဏ္ဍာငွေတွေကို ပြည်ထဲရေးနဲ့ ကာကွယ်ရေး အသုံးစရိတ်အတွက် ပိုမိုသုံးစွဲတာဟာ သူတို့ရဲ့ကိုယ်ကျိုးအတွက် သုံးစွဲတာဖြစ်ပြီး သူတို့အာဏာတည်မြဲဖို့ လုပ်တာ ဖြစ်တာကြောင့် ပြည်သူတွေကို မွဲသထက်မွဲအောင် လုပ်နေတာလို့ ပြောပါတယ်။
“ဒါက သူတို့ဘဏ္ဍာငွေကို ပိုမိုသုံးစွဲလာတာက ဒါသူတို့ အာဏာရှင်တွေ ကိုယ်ကျိုးအတွက် သူတို့ သုံးစွဲလာတာပါ။ ပြည်သူလူထုကို ဦးတည်ပြီး အခြေခံပြီးတော့ ရည်ရွယ်ပြီးသုံးစွဲတာမှ မဟုတ်တာ။ သူတို့ရဲ့ အာဏာတည်မြဲဖို့ သူတို့ဘဏ္ဍာငွေ ရရှိရေးအတွက် ပြည်သူလူထုကို နယ်တွေမှာဆိုလည်း ကျွန်တော်တို့ ကြားနေရတာ လေယာဉ်တွေနဲ့ ဗုံးကြဲတာတို့ ဘာတို့၊ ဒီစစ်စရိတ် ပိုမိုသုံးချင်လို့သာ မြန်မာပြည်မှာ သူများနိုင်ငံကလာပြီး ကျူးကျော်ပြီးတော့ လာပြီးတော့ မတရားသိမ်းပိုက်နေတာမှ မဟုတ်တာ၊ အခုက သူတို့အာဏာတည်မြဲရေးအတွက် သူတို့အတွက် သူတို့လုပ်နေတဲ့အတွင်းမှာ ဒီဘဏ္ဍာငွေသုံးစွဲတယ်ဆိုတာ ပြည်သူလူထုကို မွဲသထက်မွဲအောင် လုပ်တာနဲ့ တူတူပါပဲလို့ ကျွန်တော် တို့က အဲဒီလိုပဲမြင်တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်ဘဏ္ဍာငွေ သုံးစွဲမှုတွေကို ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ နောက် ဆုံးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဘတ်ဂျက်ငွေသုံးစွဲမှုကို ထုတ်ပြန်တာ မရှိတော့ပါဘူး။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့တာ ဖြစ်ပြီး အဲဒီပမာဏဟာ အရပ်သားအစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တဲ့ ကာကွယ် ရေးအသုံးစရိတ်ထက် ကျပ် ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်အသုံးပြုထားတာပါ။
စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို စောင့်ကြည့်တဲ့ Blood Money Campaign ကတော့ အာ ဏာသိမ်းပြီးနောက် စစ်တပ်ဟာ စစ်အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ တိုးမြှင့်သုံးစွဲနေတယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC