ရေဖြူ၊ မတ် ၂၅
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညှင်းထွေးကျေးရွာနဲ့ကျောက်ကညာကျေးရွာကြားမှာ လမ်းကြောင်းလုံခြုံရေးလာယူတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မနေ့ မတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာ လမ်းကြောင်းလုံခြုံရေးလာယူတဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တာဖြစ်တယ်လို့ ဒူရကစစ်ကြောင်းမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး သေနတ်ငါးလက်နဲ့ ဆက်စပ်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျောက်ကညာနဲ့ ဇဟာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်တွေကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာရာလမ်းကြောင်းကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဥယျာဉ်ခြံကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ ညှင်းထွေးရွာသား အသက် ၄၀ ကျော်အရွယ် ကိုသားငယ်ဆိုသူဟာ နေအိမ်နားအရောက်မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားရှေ့မှာ အင်အား ၁၀ ဦးကျော်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် တိုက် ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း