ဝါရှင်တန်၊ မတ် ၂၅
ယီမင်နိုင်ငံရှိ အီရန်မဟာမိတ် ဟူသီအဖွဲ့ကို အမေရိကန်က တိုက်ခိုက်မှု မတိုင်ခင် အချိန်တိုအတွင်း တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း ဂျာနယ်လစ် တစ်ဦး ပါဝင်တဲ့ မက်ဆေ့ချ် ပေးပို့ရေး ဂရုထဲ ထရန့်ရဲ့အစိုးရအရာရှိတွေက မှားယွင်း ဝေမျှမိခဲ့ကြောင်း အိမ်ဖြူတော်က မတ် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ အမေရိကန် နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်မှုဥပဒေ ချိုးဖောက်မှု ဖြစ်တယ်လို့ ဒီမိုကရက်အမတ်တွေက ပြောကြားပြီး လွှတ်တော်က စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

The Atlantic သတင်းဌာန အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးဘာ့ဂ်က ဟူသီအဖွဲ့ကို အမေရိကန်က တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း ဆွေးနွေးမယ့် Signal မက်ဆေ့ချ် ပေးပို့ရေး ဂရုထဲ မမျှော်လင့်ဘဲ ဖိတ်ခေါ်ခံခဲ့ရတယ်လို့ မတ် ၂၄ ရက်မှာ ပြောထားပါတယ်။
ပင်လယ်နီကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ သင်္ဘောတွေကို ဟူသီအဖွဲ့က တိုက်ခိုက်နေတဲ့အတွက် ထရန့်အစိုးရက မတ် ၁၅ ရက်က စတင်ပြီး ယီမင်ရှိ အဲဒီအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။
ဟူသီအဖွဲ့ကို အဓိက ထောက်ပံ့ပေးနေတဲ့ အီရန်အနေနဲ့ အထောက်အပံ့တွေ ချက်ချင်း ရပ်တန့်ဖို့ လိုအပ်နေတယ်လို့ သမ္မတ ထရန့်က သတိပေးထားပါတယ်။

တိုက်ခိုက်မှု မစတင်ခင် အမေရိကန် ကာကွယ်ရေးဝန်ကြီးက တိုက်ခိုက်ရေး အစီအစဉ် အသေးစိတ်ကို မက်ဆေ့ချ် ပေးပို့ရေး ဂရုမှာ ဝေမျှခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဝေမျှရာမှာ ပစ်မှတ်တွေနဲ့ အမေရိကန်က အသုံးပြုမယ့် လက်နက်တွေအကြောင်း အသေးစိတ် ပါဝင်ပါတယ်။
အဲဒီဂရုထဲမှာ အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ဖပ် ကလစ်ဖ်၊ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂတ်ဘတ်၊ အိမ်ဖြူတော် အကြီးအကဲနဲ့ တခြား ထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။
အဲဒီ ဖြစ်ရပ်ကို မိမိအနေနဲ့ သတိမပြုမိဘူးလို့ ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
ကာကွယ်ရေးဝန်ကြီးက မက်ဆေ့ချ် ပေးပို့ရေး ဂရုထဲ စစ်ပွဲအစီအစဉ်ကို မဝေမျှခဲ့ဘူးလို့ ငြင်းဆိုထားပေမယ့် The Atlantic သတင်းဌာန အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးဘာ့ဂ်က ဒါဟာ လိမ်လည် ပြောဆိုနေတာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပြီး ဂရုထဲမှာ မိမိအကောင့်လည်း ပါဝင်နေပြီး စစ်ပွဲအစီအစဉ် အသေးစိတ်ကို သိခွင့်ရရှိခဲ့တယ်လို့ ပြောပါတယ်။
Ref:Reuters